မြစ်ကြီးနား - မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာအတွင်း စစ်ကောင်စီက တပ်သား ထပ်မံဖြည့်တင်းတာကြောင့် အင်အား ရာဂဏာန်းရှိလာ

မြစ်ကြီးနား - မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာအတွင်း စစ်ကောင်စီက တပ်သား ထပ်မံဖြည့်တင်းတာကြောင့် အင်အား ရာဂဏာန်းရှိလာ

မြစ်ကြီးနား - မြစ်ဆုံလမ်း လမုန်ဇွပ်ကျေးရွာအတွင်း စစ်ကောင်စီတပ်သားတွေ ထပ်မံဖြည့်တင်းလာတာကြောင့် ရွာအတွင်း စစ်သားအင်အား ရာဂဏာန်းလောက် ဝင်ရောက်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မြစ်ကြီးနားမြို့ဘက်ကလို့ ယူဆရတဲ့ စစ်ကားတွေ တစ်နေ့ကို ၂ စီးအပြင် အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ မြစ်ဆုံလမ်းအတိုင်း တက်သွားကြတာလို့ ဒေသခံတွေက ပြောပြတာပါ။

အဲဒီအထဲက စစ်ကောင်စီတပ်သားအင်အားအချို့ကို လမုန်ဇွပ်ကျေးရွာမှာ ချထားပြီး အချို့ကတော့ မြစ်ဆုံလမ်းအတိုင်း တက်သွားကြတာလို့ မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

"တစ်နေ့ကို စစ်ကား ၂ စီးစီ၊ အိမ်စီးကား၊ ဆိုင်ကယ်တွေနဲ့ နေ့တိုင်းတက်တာ။ လမုန်ဇွပ်မှာ တစ်ချို့ချထားတယ်။ တစ်ချို့က အထက်ဘက် တက်သွားကြတာ" လို့ ဒေသခံက ပြောပါတယ်။

လမုန်ဇွပ်ကျေးရွာအတွင်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းပိုင်းကနေ ဝင်ရောက်နေထိုင်လာကြတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်ပြီး အခု ထပ်တိုးအင်အားနဲ့ပါပေါင်းရင် ရာဂဏာန်းရှိနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

အထက်ပါ ကျေးရွာအတွင်း အရင်က စစ်ကောင်စီဂိတ်တစ်ခုသာရှိပေမဲ့ လက်ရှိအချိန်မှာတော့ ရွာအဝင်၊ အထွက်တွေမှာ ဂိတ်တစ်ခုစီထားထားပြီး ခရီးသွားကားတွေကို ပိုက်ဆံကောက်ခံနေရုံသာမက မသင်္ကာဘူးလို့ ယူရသူတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေကြတယ်လို့လည်း ထပ်မံသိရှိရပါတယ်။

စစ်ကောင်စီတပ်သားတွေ အင်အားထပ်မံဖြည့်တင်းလာတဲ့နောက် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လမုန်ဇွပ်ဂိတ်အနီးကလို့ ယူဆရတဲ့နေရာကနေ ရုတ်တရက် လက်နက်ကြီး ၇ ချက်လောက် ပစ်ဖောက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ကြောက်လန့်ခဲ့ရတယ်လို့ ပြောပါတယ်။

လမုန်ဇွပ်ကျေးရွာ ဒေသခံပြည်သူတစ်ဦးနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ ရွာအတွင်းက ဒေသခံပြည်သူတွေကို တောင်ယာဘက်တွေ မသွားလာကြဖို့နဲ့ ညအချိန် သတိထားသွားလာကြဖို့ကိုလည်း စစ်ကောင်စီတပ်သားတွေ ပြောဆိုထားတယ်လို့ သိရပါတယ်။

 ဒါ့အပြင် မနေ့က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တန်ဖရဲရွာ အထက်ဘက် စစ်ကောင်စီကနေ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံးတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဖုန်းလိုင်းအဆက်အသွယ်ကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရှိရသေးပါဘူး။

မြစ်ကြီးနား ဒေသခံပြည်သူအချို့ကတော့ မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၈ မိုင်အကွာ မြစ်ဆုံဒေသဘက် စစ်ကောင်စီတပ်သားအင်အား ဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး မြစ်ကြီးနား - မြစ်ဆုံတစ်လျှောက် နေရာအချို့မှာပါ စစ်သားတွေ နေရာချထားတာကြောင့် ခံစစ်သဘော ပြင်ဆင်လာကြတာလို့ ထင်မြင်သုံးသပ်ကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အနေနဲ့ မြစ်ကြီးနား - ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်ထားတဲ့အပြင် မြစ်ဆုံအထက်ဘက် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကိုလည်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ မြစ်ကြီးနား - မြစ်ဆုံလမ်းတစ်လျှောက်က ရွာအချို့မှာ စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Most read this week

April 29, 2025
မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြန်မာပြည်မြောက်ဖျားပိုင်းက ပူတာအို - ခေါင်လန်ဖူးလမ်း...
April 25, 2025
ကချင်ပြည်နယ်၊ ဖားကန့်ဒေသဘက် အင်အားအများအပြားပါဝင်တဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကြီးနှစ်ခု...
April 22, 2025
တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးသွားခဲ့တဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့...