စစ်မှုထမ်းသက် အကျုံးဝင် အမျိုးသားများကို OWIC ကတ် လုပ်ခွင့်ကန့်သတ်၊ လေဆိပ်မှ ထွက်ခွင့်ပိတ်

စစ်မှုထမ်းသက် အကျုံးဝင် အမျိုးသားများကို OWIC ကတ် လုပ်ခွင့်ကန့်သတ်၊ လေဆိပ်မှ ထွက်ခွင့်ပိတ်
၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွာမည့် လူငယ်ကို မိသားစုဝင်များ နှုတ်ဆက်နေပုံ။ ဓါတ်ပုံ- Sai Aung MAIN / AFP
၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ ပြည်ပထွက်ခွာမည့် လူငယ်ကို မိသားစုဝင်များ နှုတ်ဆက်နေပုံ။ ဓါတ်ပုံ- Sai Aung MAIN / AFP

စစ်မှုထမ်းအသက်တွင်း အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများအား ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ် (OWIC) ကတ် ထုတ်ပေးခြင်းကို ကန့်သတ်လိုက်ပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်လည်း မရတော့ကြောင်း အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများထံမှ သိရသည်။

“OWIC ကတ် မရသေးဘူးဆိုရင်တော့ လောလောဆယ် လုပ်လို့ရမှာမဟုတ်တော့ဘူး။ ဒိတ်ထွက်ပြီးသား ရက်ချိန်းရပြီးသားလူတွေ ဒီနေ့ မနက်ဖြန် ရထားတဲ့လူတွေတော့ ကတ် ထုတ်လို့ရသေးပေမယ့် အသစ်တွေက မရတော့ဘူး။ ရှိပြီးသားလူတွေလည်း မသေချာဘူး” ဟု ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။

ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ် (OWIC) ကတ် မရှိပါက ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်မရှိသဖြင့် လေဆိပ်မှလည်း အခြားနိုင်ငံသို့ အလုပ်လုပ်ကိုင်ခွင့် ရှိမည်မဟုတ်ပေ။

ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်) ထိ စာချုပ်ချုပ်ထားသူများ OWIC ကတ် ရှိပါက ထွက်ခွာခွင့်ရသေးသော်လည်း ယင်းနောက်ပိုင်း ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ အမျိုးသားပြည်ပထွက်ခွာအလုပ်လုပ်ခွင့်စာချုပ်သစ်များကို ချုပ်ဆိုခွင့်မပြုတော့ကြောင်းနှင့် OWIC ကတ်လုပ်ခွင့်ကိုလည်း ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းမှာ တရားဝင်ညွှန်ကြားချက်မျိုး မရှိသေးသော်လည်း အခြေအနေအရ ထိုကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

မဇ္ဈိမမှ စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်သမားဌာနမှ OWIC ကတ်ထုတ်ပေးရေးရုံးများကို ဆက်သွယ်ရာတွင် စာချုပ်ချုပ်ပြီးသားသူများကိုသာ ထုတ်ပေးမည်ဖြစ်ပြီး အသစ် စာရင်းသွင်းမည့်သူများအတွက်ကိုမူ အသက်ကန့်သတ်မှုရှိကြောင်း ပြောဆိုပြီးနောက် သတင်းဌာနမှဖြစ်သဖြင့် ဖြေကြားရန်ငြင်းဆိုသည်။

ယခင် OWIC ကတ် ရှိပြီးသားလူများသည်လည်း လေဆိပ်မှစစ်ဆေးမှုတင်းကြပ်ကာ စစ်မှုထမ်းစာရင်းတွင် ပါနေပါက လုံးဝ ထွက်ခွာခွင့်မရကြောင်းနှင့် စစ်မှုထမ်းစာရင်းတွင် မပါဝင်သော်လည်း ထွက်ခွာခွင့်ရရှိရန် ငွေပေးဆောင်ရမှုရှိကြောင်း သိရသည်။

အလည်အပတ်ဗီဇာ PV (Passport for visit) ဖြင့် ပြည်ပထွက်မည့်သူများ အနေဖြင့်လည်း ရန်ကုန်လေဆိပ်တွင် “လူကြီးလမ်းကြောင်းရှင်းခ” ဟုခေါ်သည့် လေဆိပ်တွင် အရစ်မခံရအောင်နှင့် အတားအဆီးမခံရအောင် လေဆိပ်တွင် တာဝန်ကျနေသည့် စစ်တပ်၊ ရဲဝန်ထမ်းများ နှင့် ပွဲစားများမှ ပူးပေါင်း လုပ်ဆောင်ပေးကာ ၎င်းတို့အတွက် အခကြေးငွေပေးဆောင်ရခြင်းဖြစ်ပြီး ထိုဝန်ဆောင်မှု ယူမည်ဆိုပါက အကျိုးဆောင်ခအနေဖြင့် မြန်မာငွေ ကျပ်သိန်း ၅၀ ဝန်းကျင်ထိ ပေါက်ဈေးရှိကြောင်း ပြည်ပထွက်ခွာမည့် လူငယ်များထံမှ သိရသည်။

စစ်မှုထမ်းအသက်အတွင်းရှိ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် အမျိုးသားများကို အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ဖြင့် လေဆိပ်မှ ထွက်ခွာခွင့်ရန် စစ်ကောင်စီက ကန့်သတ်ထားရာမှ လက်ရှိတွင် အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှ (PJ) ဖြင့် ထွက်ခွာသူများကိုပါ ကန့်သတ်ပိတ်ပင်လာခြင်းဖြစ်သည်။

စစ်ကောင်စီမှ ယခုကဲ့သို့ ကန့်သတ်လာခြင်းသည် ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့်လည်း ထိခိုက်ရကြောင်း ဆိုသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်မှုထမ်းဥဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုပြီးနောက် တစ်နှစ်နီးပါးအကြာ ၂၀၂၅ ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထွက်ရှိလာသည့် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအတွင်းတွင် အသက်ပြည့်မီသည့် လူငယ်များအားလုံးကို စစ်ကောင်စီက မှတ်ပုံတင်ခိုင်းကာ ဆေးအောင်ပြီးသူများသည် စစ်မှုထမ်းအတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထို့နောက် ယခုကဲ့သို့ ပြည်ပထွက်ခွာမည့် လူငယ်များအား တင်းကြပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီး၊ ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များကမူ အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။

စစ်မှုထမ်းရမည့်သက်တမ်းကို နှစ်နှစ်ဟု သတ်မှတ်ထားသော်လည်း အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း ဆိုထားသည်။

March 7, 2025
ချောင်းဦး-မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၏ သံပြားကာ ကားနှစ်စီးကို...
March 6, 2025
မတ်လ ၅ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ ဇရပ်နီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က...
March 5, 2025
မန္တလေးတိုင်း၊ တောင်သာမြို့နယ် အနောက်ခြမ်းရှိ နတ်စောင့်ကျေးရွာကို စစ်ကောင်စီတပ်က...
March 4, 2025
မန္တလေတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်လမ်းပိုင်း လယ်သစ်ရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့...