ကရင်နီတွင် တစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီကျူးလွန်ခဲ့ဟု IEC ပြော

ကရင်နီတွင် တစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီကျူးလွန်ခဲ့ဟု IEC ပြော

ကရင်နီ (ကယား) ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၈ ခု စစ်ကောင်စီ ကျူးလွန်ခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC က ယနေ့ ဇန်နဝါရီလ ၃၁ ရက်တွင် အစီရင်ခံစာထုတ်ပြန်ပြောဆိုသည်။

ကရင်နီ ပြည်နယ်တစ်ဝှမ်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ စစ်မြေပြင်နှင့် ဝေးကွာသည့် အရပ်သားပြည်သူများ နေထိုင်ရာသို့ လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်း ဗုံးကြဲချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူများ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့် ဆုံးရှုံးစေခဲ့သလို မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် နေ့စဉ်နှင့်အမျှ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု IEC က ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေးအတွက် ကရင်နီနှင့် ရှမ်းပြည်နယ် နယ်စပ် မိုးဗြဲမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများကို ယခုလအတွင်း လုပ်ဆောင်နေသည့်အတွက် ဒေသခံများ နီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“စစ်ကြောင်းက ဖယ်ခုံကနေ မိုးဗြဲကို လာတဲ့လမ်းမအတိုင်း ထိုးလာတာတွေရှိတယ်။ သူတို့က လမ်းမကြီးကနေ ထိုးလာတာကို တွေ့ရတယ်။ စစ်ကြောင်းထိုးလာရင် ဒေသခံတွေက ဖယ်ခုံမြို့နယ်ရဲ့ အတွင်းပိုင်းကို မိုးဗြဲ အနောက်ဘက်ခြမ်းကနေ ရွေးသွားနေကြရတယ်” ဟု IEC အတွင်းရေးမှူး - ၂ ခွန်ဗညားအောင်က ပြောသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက စစ်ဘေးရှောင်စခန်းများသို့ လေကြောင်းနှင့် ဒရုန်း ဗုံးကြဲချတိုက်ခိုက်မှုပေါင်း (၃၆) ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်သည့် ဖြစ်စဉ် (၄၆) ကြိမ်နှင့် ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း (၂၆) ကြိမ်တိတိကို လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ဒေသခံပြည်သူ အမျိုးသား (၄၁) ဦး၊ အမျိုးသမီး (၂၆) ဦး၊ ကလေးငယ် (၃၆) ဦးနှင့် အမည်မသိ ဒေသခံ (၃) ဦးတို့ သေဆုံးသွားခဲ့သည်။

ထို့အပြင် ဒေသခံအမျိုးသား (၇၅) ဦး၊ အမျိုးသမီး (၄၈) ဦး၊ ကလေးငယ် (၃၉) ဦးနှင့် အမည်မသိဒေသခံ (၂၈၈) ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ - IEC နှင့် ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KnHRG တို့က စောင့်ကြည့်လေ့လာပြီး ပြုစုထုတ်ပြန်ခြင်းဖြစ်သည်။

ထို့အပြင် IEC က နိုင်ငံတကာသို့ စစ်ကောင်စီအား လေယာဉ်ဆီရောင်းချမှုကို ရပ်တန့်ရန်၊ ပြည်သူပိုင်အဆောက်အဦးများ ဖျက်ဆီးမှုများ ရပ်တန့်ရန်၊ စစ်ကောင်စီကိုယ်စားလှယ်များကို နိုင်ငံတကာအစည်းအဝေးများသို့ ဖိတ်ခေါ် ခြင်းမပြုရန် တိုက်တွန်းပြောဆိုထားသည်။

အလားတူ စစ်ကောင်စီရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ ကျားဖြန့် (အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) နှင့် မူးယစ်ဆေးဝါရောင်းချမှုများကို ပူးပေါင်းတိုက်ဖျက်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်ပံ့ပိုးရန်လည်း IEC က တိုက်တွန်းပြောဆိုထားသည်။

March 7, 2025
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ကင်းပိုင်ကျုံရွာရှိ ရာအိမ်မှူးတစ်ဦးအား ပြီးခဲ့သည့် မတ်လ ၅...
March 5, 2025
ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန်ဟုဆိုကာ...
March 4, 2025
ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုအပြင် မီးရှို့မှုများကြောင့် မတ်လ...
March 3, 2025
ကရင်နီ (ကယား) ပြည်နယ်နှင့် ကယန်းဒေသများတွင် စစ်ကောင်စီကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း...