ရေကြောင်းမှတဆင့် စစ်ဘေးတိမ်းရှောင်နေကြသည့် ဗန်းမော်ဒေသခံများ
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဟာ ဒီကနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့စပြီး ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။
“ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ်။ ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာ။ ခု မြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ။ အများပိုင်း တိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ” လို့ ပြောပါတယ်။
ဗန်းမော်မြို့ခံတွေဟာ ဗန်းမော်တစ်ဖက်ကမ်း ရေလဲ၊ နန့်ခုတ်၊ မိုင်းခေါင်၊ ဟန်ထက်၊ စီခမ်းကြီးဖက်တွေကို ထွက်ပြေးတိမ်းရှောင်သူရှိသလို ဗန်းမော်–ရွှေကူ–ကသာ လမ်းကနေ ရွှေဘို–မန္တလေးဖက် တိမ်းရှောင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒီနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ နည်းပညာတက္ကသိုလ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ခဲ့ပြီး သိမ်းပိုက်ရရှိထားပြီလို့လည်း သတင်းထွက်နေပေမယ့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ဝင်းထဲမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်လည်း ဖွင့်ပေးလိုက်ပြီလို့ သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲသာဖြစ်လို့ သတင်းမှန်ကန်မှုမရှိနိုင်ဘူးလို့လည်း ဒေသခံတစ်ချို့ ပြောပါတယ်။
“သိပ်တော့မမှန်နိုင်ဘူးဗျ။ ဖွင့်ပေးလိုက်တာမျိုးမဟုတ်ပဲ တစ်ချို့ လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကိုလာကြိုဖို့ ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူး” လို့ နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦး ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဗန်းမော်မြို့နဲ့ မံစီမြို့နယ်အကြားမှာရှိတဲ့ ခလရ ၄၇ တပ်နဲ့ မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တွေကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း ၇ ခုကို သိမ်းပိုက်ပြီးနောက် မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နဲ့ မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့ မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းကာ ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၇၁ ရွာနဲ့ ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀,၀၀၀ (တစ်သိန်းတစ်သောင်း) ခန့် နေထိုင်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နယ်ရဲ့ အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာ ရွှေကူ၊ တောင်ဘက်မှာ မံစီမြို့နယ်၊ မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တို့တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်း ဖြစ်ပါတယ်။