မွန်ပြည်နယ်မှာ အခုလ ဒီဇင်ဘာလ ပထမအပတ်ကစလို့ မြို့နယ်တိုင်းနီးပါး လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး တချို့ကျေးရွာတွေမှာ တစ်ရက်လျှင် အချိန်သုံးနာရီလောက်သာ လျှပ်စစ်မီးရရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့လပိုင်းတွေက မြို့ပေါ် ရပ်ကွက်တွေမှာ တစ်ရက်ကို အလှည့်ကျစနစ်နဲ့ ၁၀ နာရီဝန်းကျင် ရရှိခဲ့ရာမှ လက်ရှိမှာတော့ တစ်ရက်ကို ခြောက်နာရီဝန်းကျင်လောက်သာ လျှပ်စစ်မီး ရရှိတော့တာပါ။
ဒါ့အပြင် လျှပ်စစ်မီးဖြန့်ဝေပေးရာမှာလည်း တစ်ကြိမ်ကို နှစ်နာရီလောက်သာ ဖြန့်ဝေပေးပြီး အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ကြုံနေရတာပါ။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်လာပေမယ့် စစ်ကောင်စီရဲ့ ပြည်နယ် လျှပ်စစ်ဖြန့်ဖြူရေးဌာနဘက်ကတော့ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။
ဒေသခံတစ်ဦးကတော့ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ထပ်မံပြတ်တောက်လာတဲ့အတွက် ထမင်းချက်ဖို့ကအစ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
“မီးလာတာက တစ်နာရီခွဲ နှစ်နာရီလောက်လာတယ်။ ပြတ်ချိန်က ငါးနာရီ ခြောက်နာရီလောက် ရှိတယ်။ အခက်အခဲက ကလေးကျောင်း ထမင်းချိုင့် ဘာညာဆို အခက်အခဲတော့ရှိတာပေါ့။ မနက်ဆိုလို့ရှိရင်လည်း ထမင်းချိုင့်မမီလို့ မီးသွေးနဲ့ဝယ်ချက်၊ မီးသွေးတစ်ထုပ်ဆိုလည်း ၂၀၀၀ တောင်ဖြစ်နေပြီ။ မီးတာခတော့ တက်တယ်။ မီးကတော့ ဒီအတိုင်းပဲ”လို့ ဆိုပါတယ်။
ဒါ့အပြင် အရင်က လျှပ်စစ်မီးပေးချိန်ကို အချိန်ဇယားနဲ့ ပြည်သူတွေကို အသိပေးခဲ့ပေမယ့် လက်ရှိမှာတော့ ပေးချင်တဲ့အချိန်ပေးပြီး အချိန်အတိအကျမရှိတဲ့အတွက် ချက်ပြုတ်တာအပြင် လူမှုစီးပွားဘဝကိုပါ ထိခိုက်စေတယ်လို့ သူက ဆက်ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတဲ့အတွက် လုပ်ငန်းတွေလည်ပတ်ရာမှာ မီးစက်တွေကိုသာ အဓိကအားကိုးနေရတယ်လို့ ပြောပါတယ်။
“နဂိုကတည်းကိုက ဒီလျှပ်စစ်မီးတွေကတော့ မရတာကတော့ ကြာနေပြီ။ ကြာတော့ ဒီဟာက မရတာကြာတဲ့အခါကျတော့ လူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကတော့ ပုံမှန်လောက်ဖြစ်နေတာပေါ့နော်။ ရတဲ့အချိန်ကနေ မရတာတော့ မဟုတ်ဘူး။ မရတာကနေ မရတာဘဲဆိုတော့ သိပ်တော့အထူးအဆန်းတော့ မဟုတ်ဘူးပေါ့နော်။ လျှပ်စစ်မရတော့ လူတွေကတော့ အများအားဖြင့် ဒီလုပ်ငန်းလည်ပတ်တာကတော့ စက်သုံးဆီနဲ့ လည်ပတ်တာပေါ့”လို့ ဆိုပါတယ်။
လျှပ်စစ်မီးမရတဲ့အတွက် မီးစက်ကြီးတွေနဲ့ လုပ်ငန်းလည်ပတ်နေရတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုမြင့်တက်လာပြီး စာသုံးသူတွေ ထိခိုက်နစ်နာမှု ပိုများလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ ဓာတ်အားပေးစက်ရုံနဲ့ ဓာတ်အားလိုင်းတွေ အဆင့်မြှင့်တင်တာ၊ တိုးချဲ့တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းတာတွေကို ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်ရတာကြောင့် ထုတ်လုပ်မှုစရိတ် မြင့်မားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး မီတာခတွေကို နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံခဲ့တာပါ။
စစ်ကောင်စီ လျှပ်စစ်ဌာနရဲ့ မေ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ ၅၅၀၀ မဂ္ဂါဝပ်ရှိပြီး လက်တွေ့မှာတော့ တစ်ရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တာကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းလောက်သာ လျှပ်စစ်မီးပေးနိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ လျှပ်စစ်မီးရရှိမှုဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်က နေ့စဉ်ပုံမှန်နီးပါးရရှိခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး ပုံမှန်မရရှိတော့သလို အချိန်ပိုင်းမီးရရှိမှုကလည်း မသေချာမရေရာတဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။