နိုင်ကျဉ်းမိသားစုများ ငွေညှစ်ခံနေရ

နိုင်ကျဉ်းမိသားစုများ ငွေညှစ်ခံနေရ

ဖားအံအကျဉ်းထောင် — တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ အကျဉ်းထောင်များတွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ခြိမ်းခြောက်ပြီး ငွေတောင်းခံမှုများရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အကျဉ်းထောင်အာဏာပိုင်များ၏ ခြိမ်းခြောက်ငွေညစ်မှု၊ အာဏာအလွှဲသုံးစားမှုဆိုင်ရာနှင့်ပတ်သက်ပြီး နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာထဲတွင် မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောဆိုထားသည်။

(HURFOM) ဒါရိုက်တာ နိုင်အဲမွန်က “အဓိက နိုင်ငံရေးအကျဉ်းသားကို ပစ်မှတ်ထားပြီးတော့ မိသားစုတွေဆီကနေ ငွေမတရားညစ်တဲ့ကိစ္စတွေ ပိုက်ဆံပေးမှ သက်တောင့်သက်တာနေနိုင်မယ်။ ငွေမပေးနိုင်လို့ရှိရင် ရောဂါဖြစ်နေပေမဲ့လည်း ဆေးကုသခွင့်မပေးတာတို့” ဟု ပြောသည်။

အဆိုပါဖြစ်စဉ်များသည် ထားဝယ်၊ ကျိုက်မရော၊ ဖားအံ (ဘားအံ) တောင်ကလေးအကျဉ်းထောင် စသည့် အကျဉ်းထောင် (၃) ခုစလုံးတွင် ဆိုးဆိုးဝါးဝါးဖြစ်ပွားနေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

၎င်းက “ရိုက်နှက်စစ်ဆေးတာတို့၊ ရိုက်နှက်ညှင်းပမ်းတာတို့ မတရားအနိုင်ကျင့်ပြီးတော့ အပြစ်ရှာပြီးတော့ Information တွေ ထပ်ပြီးတောင်းတာတို့ နောက်တစ်ခုက ငွေပေးနိုင်မှ နည်းနည်း သက်တောင့်သက်တာရှိတဲ့ နေရာတွေမှာထားတယ်။ ဆိုတော့ တောက်လျှောက်ဖြစ်နေတာ ဒီ ထားဝယ်အကျဉ်းထောင်၊ ကျိုက်မရောအကျဉ်းထောင်၊ ဖားအံမှာရှိတဲ့ တောင်ကလေးအကျဉ်းထောင် (၃) ခုလုံးမှာဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး အခြေအနေ ဖြစ်နေတယ်နော်“ ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက ငွေမပေးနိုင်ပါက နိုင်ငံရေးအကျဉ်းသားများမှာ ညှင်းပန်းနှိပ်စက်ခံရသည်ဟု ဆိုသည်။

အကျဉ်းထောင်များရှိ ထောင်အာဏာပိုင်းများက ငွေညှစ်နေသည့်အပြင် ဆိုးရွားလာသော ပြည်တွင်းအခြေအ နေများကြောင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများက အခက်အခဲများ ပိုဖြစ်လာစေမည်ကို စိုးရိမ် နေကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် နွေဦးတော်လှန်ရေးအတွင်း ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုများကြောင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အခြားသော အကျဉ်းသားများထက် စနစ်တကျ ဖိနှိပ်မှုခံနေကြရသည်ဟု HURFOM က ဆိုသည်။

“ဒါကတော့ သေချာတယ်။ သူတို့စိတ်ရင်းမှာကိုယ်၌က တန်ပြန်ပြီးတော့ ကလဲ့စားချေတာ။ ဘာဖြစ်လို့ ဒီလို ဆူဆူပူပူလုပ်ရတာလဲပေါ့နော်။ ဘာလို့ ဒီနိုင်ငံရေး တစ်ချိုးကွေ့ထပြီး သောင်းကျန်းရလဲ။ သူတို့ အပြစ်ပေး အရေးယူမှုတွေပေါ့နော်။ အဲ့လိုမျိုး နိုင်ကျဉ်းတစ်ယောက်က ဝင်လာပြီဆို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တစ်ခြား မသက်မသာနေရတဲ့ အနေအထားတွေအထိ ဖန်တီးပြီးမှ လုပ်လေ့ရှိတယ်။ ဂိုဏ်စတားတွေထားတယ်။ ဖိနှိပ်တယ်။ တစ်ချို့ ဆိုလို့ရှိရင် Sexual harassment လုပ်ခံရတဲ့အခြေအနေထိ ရှိပါတယ်။ အမျိုးသမီး အကျဉ်းသားတွေပဲမဟုတ်ဘူး။ အမျိုးသား အကျဉ်းသားတွေလည်း အဲ့လိုမျိုး ဖြစ်တာရှိတယ်”

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်းများမှ မတရား အလုပ်စေခိုင်းမှုများလည်း လုပ်နေကြသည်ဟု ဆိုသည်။

လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသူ အယောက် ၁၀၀၀ ခန့်ရှိပြီး ထက်ဝက်ခန့်မှာ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများဖြစ်သည်ဟု HURFOM က ဆိုသည်။

အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ဆေးဝါးကုသခွင့်မပေးခြင်း၊ သင့်တင့်လျောက်ပတ်ပြီး အာဟာရပြည့်မှီသည့် အစာရေစာမပေးခြင်း စသည့် ဖိနှိပ်မှုများအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကိုလည်း လုပ်ဆောင်နေသည်ဟု နိုင်အဲမွန်က ဆိုသည်။

ထို့အတူ အဆိုပါ အကျဉ်းထောင်များ ဖျားနာလာသည့်အချိန် ဆေးဝါးကုသမှု လျှောက်ထားရာတွင်လည်း  နိုင်ငံရေးအကျဉ်းသားများကို လစ်လျူရှုထားလေ့ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအား ယခင်နည်းဟောင်းကိုအသုံးပြုပြီး ညှင်းပန်းနှိပ်စက်မှု လုပ်နေမှုများကို နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်ပြီး စောင့်ကြည့်နေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၊ နိုင်ငံတကာနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ကူညီပေးနေသည့် အေဂျင်စီများ၊ အလှူရှင်များ သိရှိစေရန် အကျဉ်းထောင်များရှိ အခြေအနေကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။

Most read this week

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...