ပါးစပ်ဖြားမှာ ပြောလို့လွယ်ပြီး လက်တွေ့မှာ ကျင့်ဆောင်ရခက်တဲ့ အရာတွေမှာ အိမ်ထောင်ပြုခြင်းလည်း ပါဝင်ပါလိမ့်မယ်။ အထူးသဖြင့် လွတ်လပ်တဲ့ လူငယ်ဘဝကို ပြည့်ပြည့်ဝဝ မဖြတ်သန်းရသေးဘဲ အိမ်ထောင်သည်ဘဝကို သွတ်သွင်းခံရတဲ့ မိန်းကလေးငယ်လေးတွေအတွက်ပါ။
မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းတွေအပါအဝင် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတယောက်ကို “ယောကျာ်းယူပြီး ကလေးမွေးရမယ်။ အိမ်အလုပ်၊ ဝမ်းစာအလုပ်ကို နိုင်အောင်လုပ်တတ်ရမယ်” ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပုံဖော်သတ်မှတ်ထားတတ်ကြပါတယ်။
ကရင်နီပြည်မှာလည်း အလားတူပါပဲ။ အသက်မပြည့်သေးတဲ့ (၁၈ နှစ်အောက်) မိန်းကလေးငယ်တွေ အများစုက အသက်ပြည့်ပြီးသား အမျိုးသားတွေနဲ့ လက်ထပ်ကြတာ တွေ့ရတတ်ပါတယ်။
မြန်မာ့လူဦးရေဆိုင်ရာ ကျန်းမာရေးစစ်တမ်း (DHS) ရဲ့ ၂၀၁၅ - ၂၀၁၆ စစ်တမ်းအရ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြား စောစီးစွာအိမ်ထောင်ကျတဲ့ ကလေးသူငယ်တွေထဲမှာ မိန်းကလေး ၁၃ ရာခိုင်နှုန်းရှိပြီး ယောကျာ်းလေးက ၅ ရာခိုင်နှုန်းသာရှိတယ်လို့ ပြောထားပါတယ်။
ဒီလို စောစီးစွာ အိမ်ထောင်ပြုခြင်း ဒါမှမဟုတ် အရွယ်မတိုင်ခင် အိမ်ထောင်သည်ဘဝကို သွတ်သွင်းခံရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မိသားစုအတွင်း လိင်အကြမ်းဖက်မှုတွေ ဖြစ်လာစေနိုင်သလို အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ယိုယွင်းမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး KyWO ရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဥ် တာဝန်ခံ မယုက ပြောပါတယ်။
“ဆိုးကျိုးဖက်ကို ပိုပြီးတွေ့ရတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ကျမတို့သိတဲ့ ရွာကတယောက်ရှိတယ်။ သူက အသက်မပြည့်သေးဘူး။ ဒါမဲ့ သူက စောစောအိမ်ထောင်ကျတော့ ကလေးက ကျမတို့လက်လှမ်းမှီသလောက် သူကတော့ ကလေးတယောက်တော့ မွေးဖွားပြီးပြီ။ နောက်ဆက်တွဲက သူရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော သွားပြီးတော့ ထိခိုက်တဲ့ဟာပေါ့နော်။ အခုလက်ရှိ ဘယ်လိုဖြစ်နေလဲဆိုရင် သူစိတ်တောင်မှ ပုံမှန်အနေအထား မဟုတ်တော့ဘူး။ စိတ်မနှံ့ဘူးပေါ့နော်။ ရပ်ကွက်စကားနဲ့ပြောလို့ရှိရင်တော့ နည်းနည်း ရူးကြောင်ကြောင်ဖြစ်သွားတဲ့ပုံစံရောက်နေတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်ပေါ့နော်” လို့ မယုက ပြောပါတယ်။
DHS ရဲ့ စစ်တမ်းအရ စောစီးစွာ အိမ်ထောင်ပြုတဲ့ မိန်းကလေးငယ်လေးတွေကို မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ ပိုတွေ့ရပါတယ်။ ဒါကလည်း တိုင်းရင်းသားတွေရဲ့ မိရိုးဖလာအစဥ်အလာတွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။
ကရင်နီပြည် လွိုင်ကော်မြို့ဇာတိဖွားဖြစ်တဲ့ မူစဲက ပညာရေးထက် အိမ်ထောင်ပြုရေးကိုသာ ဦးစားပေးတဲ့ အသိုင်းအဝိုင်းကနေ မွေးဖွားလာခဲ့သူပါ။
“’နင့်သမီးက အရွယ်ရောက်နေပြီ၊ လင်ယူသားမွေးလုပ်ခိုင်းရတော့မယ်၊ ဘာဖြစ်လို့ ကျောင်းတက်နေသေးလဲ၊ သူဘယ်ချိန်ထိ ကျောင်းတက်မှာလဲ၊ အသက်ကြီးတဲ့ထိ ကျောင်းတက်နေအုံးမှာလား၊ သူ့ကို ကျောင်းထွက်ခိုင်း၊ ကျောင်းမတက်ခိုင်းတော့နဲ့၊ နင်တို့ကို လုပ်ကျွေးခိုင်း၊ ယောကျာ်းယူခိုင်း၊ ကလေးမွေးခိုင်း’ အဲဒါမျိုးပေါ့နော်။ အမေ့ကို တောက်လျှောက်ပြောခံရတာရှိတယ်” လို့ မူစဲက သူမကြီးပြင်းလာခဲ့တဲ့ အသိုင်းအဝိုင်းရဲ့ အမျိုးသမီးတယောက်အပေါ် ယူဆပုံကို ပြောပြပါတယ်။
‘သားမှာ တကျပ်၊ သမီးမှာ တမတ်’ ဆိုတဲ့ ဆိုရိုးစကားက အမျိုးသမီးတစ်ဦးအနေနဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်အပေါ် အလိုအလျောက် ဂုဏ်သိက္ခာနှိမ်ရာကျတာကြောင့်လည်း အမျိုးသမီးအရေး လှုပ်ရှားသူတွေက အဲ့ဒါကို လက်မခံနိုင်ကြပါဘူး။
မူစဲကတော့ သူမကြီးပြင်းလာခဲ့တဲ့ အသိုင်းအဝိုင်းကို လွန်ဆန်ပြီး ပညာဆက်သင်ခဲ့ပါတယ်။ အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ မူစဲကတော့ ကျေးလက်မြေ အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပါပြီ။
စောစီးစွာ အိမ်ထောင်ပြုခြင်းက တိုင်းပြည်တွင်း လူငယ်လေးတွေရဲ့ ကိုယ်ဝန်ဆောင်နှုန်း၊ မီးဖွားနှုန်းကို ပိုမြင့်တက်လာစေနိုင်ပါတယ်။ ဒါ့အပြင် မိန်းကလေးငယ်တွေရဲ့ ဘဝနဲ့ ကျန်းမာရေးအန္တရာယ်တွေကို ထိခိုက်စေနှုန်း မြင့်တက်လာစေတယ်လို့လည်း လူဦးရေဆိုင်ရာ ကျန်းမာရေးစစ်တမ်းက ပြောထားပါတယ်။ စောစီးစွာ အိမ်ထောင်ကျတာကြောင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာတွေလည်း သိရှိထားမှုတွေ အားနည်းတတ်ပါတယ်။
မိခင်နဲ့ကလေးမှာ ကျန်းမာရေးပြဿနာတွေ မဖြစ်စေဖို့အတွက် မွေးဖွားလာမယ့် ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန်ကာလအပိုင်းအခြားတခုထားရှိဖို့က အရေးကြီးပါတယ်။ သုတေသနပြုမှုတွေအရ ကလေးတယောက်နဲ့ တယောက်ကြားမှာ ၂ နှစ်လောက်မခြားဘဲ မွေးဖွားတဲ့အခါ ကလေးက ပေါင်မပြည့်တာ၊ သန္ဓေသားဖွံ့ဖြိုးမှု အားနည်းတာ၊ လမစေ့ဘဲ ကလေးမွေးတာ၊ မွေးကင်းစအရွယ်မှာ ကလေးသေဆုံးတာ၊ မိခင်သားအိမ်ကွဲတာတွေ ကြုံတွေ့နိုင်သလို ငွေရေးကြေးရေး အဆင်မပြေတဲ့မိသားစုမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ပိုမိုဖြစ်ပေါ်လာစေနိုင်ပါတယ်။
“ဒီကလေးက ကလေးကိုမွေးတဲ့ခါကျတော့ ကလေးကို ဘယ်လိုပြုစုရမှန်းမသိတဲ့အခါ ကလေးကတော့ မိဘတွေရဲ့ လျစ်လျူရှုတာတွေ၊ နွေးထွေးမှုတွေ မရတော့ဘူးပေါ့နော်။ တချို့ကျတော့လည်း စိတ်ပိုင်းဆိုင်ရာချို့ယွင်းပြီးတော့ မွေးဖွားလာတာမျိုးတွေ ရှိတယ်ပေါ့နော်။ ရပ်ကွက်စကားအရဆိုရင် ကျပ်မပြည့်ဘူးပေါ့နော် အဲလိုပဲပြောရမယ်ပေါ့” လို့ မယုက ပြောပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ တိုင်းပြည်အတွင်း ၁၈ နှစ်ပြည့်မှ ထိမ်းမြားလက်ထပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါတဲ့ ကလေးသူငယ်ထိမ်းမြားလက်ထပ်ခွင့် ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။ ဒီဥပဒေသာရှိရင် တိုင်းရင်းသားတွေရဲ့ဓလေ့ ထိခိုက်စေနိုင်တယ်ဆိုတဲ့ ယူဆချက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီဥပဒေသာမရှိရင် အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်နစ်နာစေတယ်ဆိုတဲ့ ယူဆချက်ရှိတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်း အကျေအလည် ငြင်းခုံကြပြီးနောက် နောက်ဆုံးမဲရလဒ်အရ အဲ့ဒီဥပဒေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ တထွာစာရှိတဲ့ ဝမ်းစာစားရဖို့ အများစုက စျေးရောင်း၊ လယ်စိုက်ရင်း ရုန်းကန်ကြတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတွေမှာ မိသားစုတခုလုံးစာထမ်းရမယ့် လေးလံတဲ့တာဝန်ကို ၁၈ နှစ်အရွယ် မိန်းကလေးတယောက်က ထမ်းပိုးဖို့ အဆင်သင့်မဖြစ်သေးတာကို မြေပြင်မှာ မြင်တွေ့နေရမှာပါ။
လက်ရှိ စစ်အာဏာသိမ်းကာလထဲမှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးမှာပါဝင်တဲ့ ကျောင်းသား မိန်းကလေးငယ်တွေ စောစီးစွာ အိမ်ထောင်ကျတဲ့ဖြစ်စဥ်တွေ ဖြစ်လာတယ်လို့လည်း ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနှင့်ကလေးသူငယ်ဌာနရဲ့ ဌာနမှူးကြီးက ပြောပါတယ်။
အာဏာသိမ်းကာလထဲမှာ အလုပ်အကိုင်ရှားပါးတာကြောင့် မိန်းကလေးငယ်လေးတွေကလည်း မိသားစုဝင်ငွေလေးရဖို့ ကြုံရာလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။ ပညာထက် စီးပွားကို ပိုအလေးထားလုပ်ဆောင်ရတဲ့ကာလမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်လေးတွေလည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပြုသွားကြတယ်လို့ IEC အမျိုးသမီးနှင့်ကလေးသူငယ်ဌာန ဌာနမှူးကြီး အဂ္ဂသာနုနု က ပြောပါတယ်။
“စစ်ရှောင်စခန်းတွေမှာ နေကြတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာက ထိခိုက်လာတာလည်းပါတယ်လို့ သုံးသပ်မိတယ်ပေါ့။ အဲ့လိုကြောင့်လည်း မထူးတော့ဘူးဆိုပြီး အိမ်ထောင်ပြုလိုက်ကြတာတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်” လို့ အမျိုးသမီးနှင့်ကလေးသူငယ်ဌာန ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောပါတယ်။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ အသက် ၂၅ နှစ်ကနေ ၄၉ နှစ်ကြားရှိတဲ့ သက်လတ်ပိုင်းအရွယ်တွေမှာ တက္ကသိုလ်ပညာရပ်သင်ကြားတဲ့ အမျိုးသမီးတွေကတော့ ပညာမသင်ကြားတဲ့ အမျိုးသမီးတွေထက် ၄ နှစ်နောက်ကျမှ အိမ်ထောင်ပြုကြတယ်လို့လည်း မြန်မာ့လူဦးရေဆိုင်ရာ ကျန်းမာရေးစစ်တမ်း (DHS) က ပြောထားပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ထိမ်းမြားလက်ထပ်တာကို တားဆီးကာကွယ်ဖို့ ပညာပေးလုပ်ငန်းစဥ်တွေ အစဥ်တစိုက် ပြုလုပ်လာခဲ့ပေမဲ့ နယ်စွန်နယ်ဖြားက တိုင်းရင်းသားဒေသတွေမှာ ထိရောက်တဲ့ ရလဒ်မရှိသေးပါဘူး။
၄ လသား ကလေးငယ်တွေကိုလည်း ထမင်းလုံးဝါးကျွေးနေတဲ့မိခင် မိန်းကလေးငယ်တွေကို နယ်စွန်နယ်ဖြား တောင်တန်းဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားကျေးရွာတွေမှာ တွေ့ရပါတယ်။ တနေ့တနေ့ တောင်ယာသခွားသီးဟင်းချိုနဲ့ ကြွက်၊ ငှက် တို့လို တောကောင်တွေကို မိခင်အပါအဝင် ကလေးလေးက စားနေရပြီး ကလေးအာဟာရအတွက် မိခင်က ဘာမှမတိုက်ကျွေးပါဘူး။ ဖခင်ကတော့ တောင်ယာသွားဖို့နဲ့သာ လုံးပန်းနေရပါတယ်။
အဲ့ဒီလို ညစ်နွမ်းပြီး အရောင်မရှိတော့တဲ့ အဝတ်အစား၊ စီးစရာဖိနပ်မရှိလို့ ခြေထောက်မှာ မြေမှုန့်တွေပေကပ်နေတဲ့ ကလေးငယ်လေးတွေကို လက်မှာပွေ့ပြီး လမ်းသွားလမ်းလာတွေကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့ မိန်းကလေးငယ်လေး (မိခင်ငယ်) တွေကို မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ တွေ့နေရဆဲပါ။ အဲ့ဒီဒေသတွေမှာ ပညာရေးကို အားမပေးတာကြောင့် ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အများနည်းတူမဟုတ်ဘဲ နောက်ကျကျန်နေခဲ့ပါတယ်။
တနပ်စာစားရဖို့အတွက်လည်း ရုန်းကန်ရ၊ ကျန်းမာရေးဝန်ဆောင်မှုလည်း အလုံအလောက်မရှိ၊ စစ်လက်နက်ဒဏ်တွေကြားလည်း ပုန်းခိုနေရတဲ့ အခုလို စစ်ပူကာလမှာ စောစီးစွာအိမ်ထောင်ကျတဲ့ မိန်းကလေးငယ်တွေရဲ့ အရေအတွက်သာများလာရင် ရင်ဆိုင်လာရမယ့် အကြပ်အတည်းတွေက သာမာန်ထက် ပိုများလာနိုင်ပါတယ်။ မိခင်နဲ့ ကလေးကြားသာမကပဲ ဒေသတွင်းရှိ လူထုတွေကြားမှာ စိုးရိမ်စရာတွေ ရှိလာနေတယ်လို့လည်း ကယန်းအမျိုးသမီးအစည်းအရုံး KyWO ရဲ့ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဥ် တာဝန်ခံ မယုက ပြောပါတယ်။
“ကလေးတွေက ထပ်မွေးလာလို့ရှိရင်တော့ မိသားစုတွေက ပိုပြီးတော့ ဒုက္ခရောက်ကြမယ်။ စားဝတ်နေရေးအတွက် ရုန်းကန်ရတာနဲ့ မပြီးနိုင်တော့ဘူးပေါ့နော်။ သူတို့က ပိုပြီးတော့ မွန်းကြပ်တဲ့မိသားစုတွေ မွန်းကြပ်တဲ့ဘဝတွေနဲ့ပဲ သူတို့ ဖြတ်သန်းရတဲ့ဟာမျိုးတွေပေါ့နော်” လို့ မယုကပြောပါတယ်။
အခုကာလထဲမှာ မိန်းကလေးငယ်လေးတွေက KTV၊ စျေးဆိုင်လိုနေရာတွေမှာ ရတဲ့လခနဲ့ အလုပ်ဝင်လုပ်ကြရတာပါ။ တချို့ဒေသက ကလေးငယ်လေးတွေကလည်း လမ်းဘေးက ဘီယာခွံ၊ ဘူးခွံ လိုက်ကောက်ရင်း ငွေရှာတာတွေဖြစ်လာတယ်လို့ မယုကပြောပါတယ်။
ကြပ်တည်းနေတဲ့ကာလမှာ ဆင်းရဲနွမ်းပါးမှုကို ပိုမဆိုးရွားလာစေအောင် ခုလို စစ်ဘေးဒဏ်သင့်နေတဲ့ ဒေသတွေ၊ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေက မိန်းကလေးငယ်လေးတွေ အိမ်ထောင်ပြုတာကို ထိန်းချုပ်ကန့်သတ်ဖို့လည်း လိုနေတယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။
အဲ့အတွက် အမျိုးသမီးလုပ်ငန်းရှင်တွေ များများမွေးထုတ်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်တွင်းမှာ ချည်ထိုးလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းနဲ့ ဝင်ငွေရှာတဲ့ အသေးစားလုပ်ငန်းလေးတွေကို အမျိုးသမီးတွေကြားမှာ လုပ်ဆောင်နိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေကလည်း ဆောင်ရွက်လျက်ရှိနေပေမဲ့ တပြည်နယ်လုံးကို လွှမ်းခြုံနိုင်ဖို့က အခက်ခဲရှိနေပါသေးတယ်။
တိုးတက်တဲ့ အသိုက်ဝန်းကနေ သာယာတဲ့မိသားစုဘဝတခုကို တည်ထောင်နိုင်ဖို့ မိန်းကလေးငယ်လေးတွေကို စောစီးစွာ အိမ်ထောင်ပြုဖိုမတွန်းပို့ဘဲ သူတို့ရဲ့ တိုးတက်မှုလမ်းကြောင်းကို အားပေးအားမြှောက်ပြုပေးခြင်းက အဓိကဦးစားပေးဖြစ်ပါလိမ့်မယ်……..။