ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေဘက်မှာ စပါးရိတ်ခြွေစက် လုံလောက်မှုမရှိတာကြောင့် လူအင်အားဖြည့် လုပ်ကိုင်နေရ

ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေဘက်မှာ စပါးရိတ်ခြွေစက် လုံလောက်မှုမရှိတာကြောင့် လူအင်အားဖြည့် လုပ်ကိုင်နေရ

ကချင်ပြည်နယ်၊ ဟူးကောင်းလီဒိုလမ်းမပေါ်က ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေဘက်မှာ စပါးရိတ်ခြွေစက် လုံလောက်မှုမရှိတာကြောင့် လူအင်အားဖြည့် လုပ်ကိုင်နေရပြီး အချိန်မီ မရိတ်သိမ်းနိုင်မှာကို ဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။

ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေမှာ အရင်က စပါးရိတ်ခြွေစက် ၇ စီးလောက် ရောက်ရှိပေမဲ့ အခုနှစ်မှာတော့ နှစ်ရွာပေါင်းမှ ၅ စီးလောက်သာရှိတာကြောင့် လူအင်အားဖြည့် ရိတ်သိမ်းနေရပြီး စပါးပင်အချို့ ပျက်စီးလာတယ်လို့ ဆိုပါတယ်။

ဒေသခံတောင်သူတွေနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ လက်ရှိအချိန် စက်သုံးဆီဈေး မြင့်တက်မှုတွေကြောင့်သာမက လမ်းပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့် ဒွမ်ဘန်၊ မန်ပန်ကျေးရွာတွေဘက် စပါးရိတ်ခြွေစက်တွေ အရောက်နည်းသွားတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။

"ရိတ်ခြွေစက်က ရောက်ရင်လည်း မလောက်ဘူးပေါ့။ စက်သုံးဆီဝယ်မရတော့ တစ်ချို့ လာမလုပ်တဲ့သူတွေလည်း ရှိတယ်။ စက်သုံးဆီဈေးကြီးနေတဲ့ကြားက တောင်သူတွေက စပါးလည်း မ‌ရောင်းရတော့ ခက်ခဲနေကြတာပေါ့" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကျေးရွာတွေဘက်မှာ ပုံမှန်ချိန် နိုဝင်ဘာလဆန်းကနေ ဒီဇင်ဘာလလယ်အထိ စပါးရိတ်သိမ်းကြပေမယ့် လက်ရှိအချိန်မှာတော့ လယ်ဧက အားလုံးပေါင်းရဲ့ သုံးပုံတစ်ပုံခွဲလောက်သာ ပြီးစီးသေးတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဇန်နဝါရီလပိုင်းက ပြီးစီးထားတဲ့ စပါးတွေအပြင် အခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းပိုင်းက ပြီးစီးထားတဲ့ ကောက်စော (စောစောရိတ်သိမ်းရသည့်စပါး) စပါးအမျိုးအစားတွေ ဝယ်သူမရှိတာကြောင့် သိုလှောင်ထားရတဲ့အတွက် စပါးရိတ်ခြွေစရိတ် ခက်ခဲနေကြသူတွေရှိတယ်နေတယ်လို့လည်း ပြောပါတယ်။

အရင်နှစ်တွေက စပါးတစ်တင်းကို ကျပ်တစ်သောင်းကနေ ကျပ်တစ်သောင်းခွဲအထိ ဈေးရပေမဲ့ အခုနှစ်မှာတော့ တစ်တင်းကို ကျပ်ခုနှစ်ထောင်သာ ဈေးပေါက်နေပြီး လာရောက်ဝယ်ယူသူတွေ မရှိတဲ့အခြေအနေလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ စပါးရိတ်ခြွေစရိတ် တစ်ဧကကို ကျပ်နှစ်သိန်းခွဲလောက် ပေးရတာကြောင့် လူအင်အားဖြည့်ပြီး လူတစ်ဦးကို နေ့စားခ ကျပ်တစ်သောင်းခွဲနဲ့ ခေါ်ယူလုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

"တောင်သူတွေက စပါးလည်းရောင်းမထွက်တော့ ခက်တာပေါ့။ ဝက်ရောင်း၊ နွားရောင်းပြီး လုပ်နေကြရတယ်။ လူအင်အားနဲ့ လုပ်နေရတယ်။ စပါးပင် ပျက်စီးလာတာတွေလည်း ရှိလာတယ်" လို့ အထက်ပါဒေသခံက ပြောပါတယ်။

အရင်က အင်းတော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းလိုနေရာတွေက တက်လာတဲ့ စပါးရိတ်ခြွေစက်တွေရောက်ပေမဲ့ ၂၀၂၃ ခုနှစ်လောက်ကနေစပြီး လမ်းတစ်လျှောက် စစ်ကောင်စီဂိတ်တွေကို ပေးဆောင်ရတဲ့ ဂိတ်ကြေးတွေကြောင့် အဲဒီကျေးရွာတွေဘက် ရိတ်ခြွေစက်သမားတွေ အရောက်နည်းသွားကြတာလို့လည်း ထပ်မံသိရှိရပါတယ်။

တောင်သူတွေအနေနဲ့ ဒီဇင်ဘာလ လလယ်လောက်မှာ ပုံမှန်စပါးရိတ်သိမ်းပြီးစီးပေမဲ့ လက်ရှိအခြေအနေမှာတော့ ဇန်နဝါရီလကုန်လောက်အထိ ရိတ်သိမ်းရတော့မယ့်အခြေအနေနဲ့ ကြုံနေရတယ်လို့လည်း ပြောဆိုနေကြပါတယ်။

ဒွမ်ဘန်နဲ့ မန်ပန်ကျေးရွာ စပါးရိတ်သိမ်းဖို့ ကျန်ရှိနေတဲ့ လယ်ဧက စုစုပေါင်း သုံးထောင်ကျော်လောက်ရှိတဲ့အထဲက တစ်ထောင်ကျော်လောက်သာ ပြီးစီးသေးတယ်လို့ သိရပါတယ်။

January 3, 2025
အခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်သလို အောင်မြင်မှုရတဲ့အထိ...
December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...
December 17, 2024
တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန်...