ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့မှာ ဘတ္ထရီ(Battery)ဆိုင်ကယ် အသုံးပြုစီးနင်းသူများလာ

ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကြောင့် မြစ်ကြီးနားမြို့မှာ ဘတ္ထရီ(Battery)ဆိုင်ကယ် အသုံးပြုစီးနင်းသူများလာ
 မြစ်ကြီးနားမြို့တွင် ဓါတ်ဆီဝယ်ယူရန် တန်းစီနေကြစဉ်။
မြစ်ကြီးနားမြို့တွင် ဓါတ်ဆီဝယ်ယူရန် တန်းစီနေကြစဉ်။

ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘတ္ထရီဆိုင်ကယ်အသုံးပြုသူတွေ များလာပြီး တရုတ်နိုင်ငံထုတ် ဘတ္ထရီဆိုင်ကယ်တစ်စီးကို ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ဈေးပေါက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လတ်တလော မြစ်ကြီးနားမြို့မှာ ဓါတ်ဆီတစ်ဂါလံကို ကျပ် ၆၀,၀၀၀ ဝန်းကျင်အထိ ရှိနေပြီး လိုသလိုဝယ်ယူလို့မရတဲ့ အခြေအနေတွေကြောင့် ဘတ္ထရီဆိုင်ကယ် အသုံးပြုတာတွေ များလာတာလို့ ဆိုပါတယ်။

“ဘတ္ထရီဆိုင်ကယ်ဈေးတွေလည်း အကုန်တက်သွားတယ်။ အခုက ဘတ္ထရီဆိုင်ကယ်တွေပဲ ပိုစီးနေကြပြီ။ Second (တစ်ပတ်နွမ်း) တောင်မှ ၃၀ ကျော်လောက် ရှိတယ်။ အခုဈေးနှုန်းနဲ့ဆို  ဆီဈေးထက်စာရင်တော့ ဘတ္ထရီဆိုင်ကယ် ပိုဝယ်စီးကြပြီလေ။“လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဘတ္ထရီဆိုင်ကယ်စီးနင်ကြတဲ့အပြင် စက်ဘီးနဲ့ ဆိုက်ကားစီးတာတွေလည်း တွေ့လာရတယ်လို့ ဆိုပါတယ်။ ဓာတ်ဆီဈေးနှုန်း တစ်နေ့ထက်တစ်နေ့ မြင့်တက်နေတာကြောင့် မြစ်ကြီးနားမြို့မှာ ဘတ္ထရီဆိုင်ကယ် စီးကြတဲ့သူတွေ ပိုများလာတယ်လို့လည်း နောက်ထပ်မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဓာတ်ဆီတစ်လီတာကို ငွေကျပ် ၂၀,၀၀၀အထိ ပေးဝယ်နေရပြီး ဆီပန့်ဆိုင်အကြီးတွေ ပိတ်ထားတဲ့အတွက် ရေသန့်ဗူးနဲ့ရောင်းတဲ့ ဆီဆိုင်အသေးတွေမှာ တန်းစီးပြီး ဝယ်ယူနေကြရတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီဂိတ်ကို တရုတ်ဘက်က ပိတ်ထားခဲ့တဲ့နောက် တရုတ်ဘက်က ကုန်ပစ္စည်းတွေ မဝင်ရောက်တော့ဘဲ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီမတိုင်ခင် အောက်တိုဘာလ တတိယအပတ်က ကန်ပိုက်တီမြို့အနီးက နယ်ခြားစောင့်တပ် ကာကင်းစခန်းတွေကို တိုက်ခိုက်နေတဲ့အချိန် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို အောက်တိုဘာလ ၁၈ ရက်နေ့က တရုတ်ဘက်ကနေ ပိတ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်ဘက်က ပိတ်ထားတဲ့ အထက်ပါ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ပေမဲ့ တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာတော့ မရှိသေးပါဘူး။

December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...
December 17, 2024
တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန်...
December 13, 2024
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ်...