ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုဖြစ်ပြီးနောက်ပိုင်းကစလို့ စစ်ကောင်စီက တပ်သားသစ်တွေစုဆောင်းမှု ရှိနေတာကြောင့် အမျိုးသားအများစုဟာ အခြားမြို့နယ်တွေကို သွားရောက် တိမ်းရှောင်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့ပါတ်ဝန်းကျင်ကို ဇွန်လနောက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်မှု ပြုလုပ်ခဲ့ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။
ပြည်သူ့လုံခြုံရေးအတွက်လို့ ပြောပြီး တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ ရပ်ကွက်တွေမှာရှိတဲ့ အသက် ၃၅နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားတွေကို စစ်သင်တန်းတက်ရောက်ဖို့ လိုက်လံစုဆောင်းနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
‘’ စစ်မှုထမ်းဖို့က မဲမနှိုက်ခိုင်းတော့ဘူး။ ရပ်ကွက်တွင်းရှိနေတဲ့ သူတွေကို ဒီအတိုင်းလာခေါ်တာ ၊ အချို့လည်းကြောက်လို့ လုံခြုံတဲ့နေရာ ပြေးကုန်ကြပြီ။ ‘’ လို့ ရှမ်းပြည်နယ်ကို သွားရောက်တိမ်းရှောင်နေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ဒေါဆန်းဘွန်း၊ ရွာတန်းရှည် ၊ စိုက်ကွင်း ၃၊ ပန်ကန်း၊ ထူဒူငံသ စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်အခြေချနေထိုင်လိုတဲ့ ဒေသခံတွေကိုလည်း ပြည်သူ့လုံခြုံရေးဖွဲ့စည်းနိုင်ဖို့ တစ်ရပ်ကွက်လျှင် အမျိုးသား ၅ ဦးစီ စုဆောင်းရမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြောဆိုမှုတွေရှိခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်ဖြစ်ပါက စစ်သင်တန်းကာလ ၂လတာ တက်ရောက်ရမှာဖြစ်ပြီး အသက် ၅၀ နှစ်အထက် အမျိုးသားတွေကို မိမိတို့ရပ်ကွက်အတွင်းမှာသာ လုံခြုံရေးကင်းစောင့်ခိုင်းမှာဖြစ်ပြီး အသက် ၃၅ ကနေ ၅၀ အထိ အမျိုးသားတွေကိုတော့ ရပ်ကွက်အစွန်အဖျားတွေမှာ ကင်းစောင့်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှု၊ အခြေအနေတွေကို သတင်းပေးပို့ရမယ်လို့ ပြောဆိုထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
‘’ဒီကောင်(စစ်ကောင်စီ)တွေက အတော် ယုတ်မာတာ ငါတို့ လယ်တွေ ရှိနေသေးတာလည်းသိတယ်။ ပြန်လုပ်ဖို့ မဖြစ်မနေ ပြန်လာမှာပဲဆိုပြီး အဲ့လိုအမိန့်ထုတ်တာ ၊ သူတို့တောင်မနိုင်တာကို ငါတို့က ဘယ်လိုကာကွယ်ပေးရမလဲ ငါတော့ အိမ်မပြန်တော့ဘူး ‘’ လို့ လွိုင်ကော်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းဖို့ကိုလည်း အင်အားတွေ ထပ်မံစုဆောင်းနေတာကြောင့် စာရင်းထဲ မပါဝင်လိုတဲ့ လွိုင်ကော်မြို့ခံလူငယ်အများစုကတော့ မီးသတ်တပ်ဖွဲ့မှာ ဝင်ရောက်သူလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိလွိုင်ကော်မြို့တွင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကြောင့် ဝင်ငွေမရှိတဲ့ ဒေသခံအမျိုးသားတချို့လည်း စစ်ကောင်စီက လစာပေးမယ်ဆိုတဲ့ ပြည်သူ့စစ်အဖွဲ့ထဲ ဝင်ရောက်သူတွေရှိလာတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။
လွိုင်ကော်မြို့တွင်း ၁ လေးလုံးစစ်ဆင်ရေးဟာ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်နှစ်ပြည့်မှာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုကို စစ်ကောင်စီတပ်က စောင့်ကြည့်နေသလို လွိုင်ကော်မြို့စွန်က ကျေးရွာတွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကျေးရွာခံတွေကို စစ်ဝတ်စုံဝတ်စေကာ လုံခြုံရေးကင်းစောင့်ခိုင်းတာလည်းရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ကရင်နီပြည်တွင်းကို စစ်ကောင်စီတပ်က ရှမ်းပြည်ဖက်ကနေ အင်အားဖြည့်တင်းမှု လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။