လျှပ်စစ်မီးဓါတ်အားဖြန့်ဖြူးပေးမည့် အစီအစဉ်အတိုင်း မီးမရရှိဘဲ ပြတ်တောက်မှုပိုမိုဆိုးရွားလာ

လျှပ်စစ်မီးဓါတ်အားဖြန့်ဖြူးပေးမည့် အစီအစဉ်အတိုင်း မီးမရရှိဘဲ ပြတ်တောက်မှုပိုမိုဆိုးရွားလာ

မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားအတိုင်း ဒေသခံတို့ လျှပ်စစ်မီးမရရှိနေသည့်အပြင်  မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာသည်ဟု မြို့ပေါ်နှင့် ရပ်ကျေးဒေသခံတို့ ပြောဆိုလျှက်ရှိသည်။

ယခုနိုဝင်ဘာလအတွက် စစ်ကောင်စီလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးအဖွဲ့မှ မော်လမြိုင်၊ချောင်းဆုံ၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် တစ်ရက်လျှင် အများဆုံး ၄နာရီမှ ၈ နာရီကြာ လျှပ်စစ်ဓါတ်အားအလှည့်ကျ ဖြန့်ဖြူးပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

သို့သော် မြို့ပေါ်နေရာအပါအဝင် စစ်ကောင်စီတပ်စခန်း၊ ရဲခန်းနှင့် ဌာနဆိုင်ရာ ဧရိယာတစ်ဝိုက်တို့တွင် လျှပ်စစ်မီးပြတ်တောက်မှုနည်းပြီး  အဆိုပါနေရာတို့မှ ပိုလျှံသည့်ဓါတ်အားဖြင့်သာ ရပ်ကျေးရွာကျေးနေရာတို့ထံ ဖြန့်ဖြူးပြီး ၂၄ နာရီ မီးပြတ်တောက်မှုသာ များနေသည်ဟု သံဖြူဇရပ်မှ ကျေးလက်နေအမျိုးသမီးတစ်ဦးက ဆိုသည်။

ပုံမှန်အားဖြင့် လျှပ်စစ်မီးရရှိချိန်စုစုပေါင်း ၃နာရီနှင့် ၄ နာရီဝန်းကျင်ခန့်ရရှိသော်လည်း အချိန်တိုအတွင်း ဖြတ်တောက်ခြင်း ဝန်းအားလျှော့ချထားခြင်းကြောင့် သုံးစွဲ၍ မရနိုင်ကြောင်းလည်း ဆိုသည်။

"ကျွန်မတို့ရွာမှာတော့ နေ့လည်ပိုင်း တစ်ခါမှမပေးဘူး။ အခုဆိုရင် ည ၆ နာရီကနေ ၉ နာရီထိပဲပေးတော့တာ။ တစ်နေ့ကို ၃ နာရီဝန်းကျင်လောက်ပဲ ရတော့တယ်။  ၃ နာရီကို တခါတည်းပေးတာဆိုတော့ အခက်အခဲမရှိပေမယ့် ပေးတဲ့အချိန်က အရမ်းနည်းလွန်းတယ်၊ သုံးလို့လည်းမရဘူး" ဟု သံဖြူဇရပ်မှ ကျေးလက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ရက်ပေါင်း ၅ ရက်ကြသည်အထိ လျှပ်စစ်မီးလုံးဝမရရှိဘဲ အသေးစားလုပ်ငန်းအချို့နှင့် နေ့စဉ်လူနေမှုဘဝတို့ကို လှုပ်ရှားရုန်းကန်နေရသည်ဟု ဆက်ပြောသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ လျှပ်စစ်မီးမရရှိနေခြင်းကြောင့် အသေးစားလုပ်ငန်း၊ မီးဖိုချောင်ကိစ္စနှင့် လူအသုံးအဆောင်အတွက် ဆိုလာ၊ မီးစက်၊ ဘက်ထရီနှင့် ဂက်စ်အသုံးပြုမှု ပိုများလာကြောင်းလည်း သိရသည်။

"ဒီအခြေအနေတွေက ကြာနေပြီးဆိုတော့ အကုန်လုံးက ပြင်ဆင်ထားတာပေါ့။ သူ့မီးစက်နဲ့သူ။ တစ်ချို့က solar ဝယ်ထားကြတယ်။ မီးမလာရင် မီးစက်နှိုးပေါ့။ ထင်းမီးသွေးတို့စုရတာပေါ့။ မီးမလာရင်လည်း အရင်ကလောက်ပြာယာမခတ်တော့ဘူး" ဟု မုဒုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်ခြင်းကြောင့် နိုင်ငံသားများဘက်မှ ဆုံးရှုံးနစ်နာမှုများပြီး လစဉ်ကျပ် ၅၀ ဘီလီယံထက်မနည်း ဆုံးရှုံးနစ်နောနေရကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်တို့က သုံးသပ်ထားသည်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စက်တင်ဘာ ၁ ရက်နေ့မှစပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်ဓါတ်အားခတို့ကို တိုးမြှင့်ကောက်ခံမည်ဟု ကြေညာထားသည့်နောက် မီတာခပိုဆောင်နေရသည့်အပြင် ကုန်ထုတ်လုပ်မှုစရိတ်များလာပြီး ကုန်ပစ္စည်းဈေးနှုန်းလည်း တက်လာသည်ဟု မော်လမြိုင်လုပ်ငန်းရှင်တို့၏ ပြောဆိုချက်အရ သိရသည်။

နိုင်ငံတစ်ဝှမ်း လျှပ်စစ်ဓါတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိသော်လည်း လက်ရှိတစ်ရက်လျှင် မဂ္ဂါဝပ် ၂၈၀၀ သာ ထုတ်လုပ်နိုင်ခြင်းကြောင့် နိုင်ငံတစ်ဝှမ်း ၅၀ ရာခိုင်နှုန်းခန့်သာ မီးပေးနိုင်ကြောင်း ၂၀၂၄ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

November 7, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း ဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...
November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...