တပ်စွဲတပ်သားများ ထွက်ပြေးပြီးနောက် အမ်း ဒိုင်ကြီးရွာကို စစ်ကောင်စီ ဗုံးကြဲ

တပ်စွဲတပ်သားများ ထွက်ပြေးပြီးနောက် အမ်း ဒိုင်ကြီးရွာကို စစ်ကောင်စီ ဗုံးကြဲ

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဒိုင်ကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်အချို့တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကြောင့် အကျအရှုံးများ၍ တပ်ဆုတ်ထွက်ပြေးသွားပြီးနောက် ဗုံးကြဲခံရခြင်းဖြစ်သည်။

“လေကြောင်းက ဗုံးလာကြဲတယ်။ နပခကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဒိုင်ကြီးကျေးရွာတွင် အိမ်ခြေ ၁၃၀ ခန့်ရှိပြီး စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ၁ မိုင်ခန့်ကွာဝေးကာ ကျေးရွာသားများမှာ တိုက်ပွဲမဖြစ်ခင်ကပင် ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဒိုင်ကြီးရွာတွင် မီးလောင်ပျက်စီးသွားသည့် နေအိမ်အရေအတွက်ကို အတိအကျ မသိရသေးပေ။

လက်ရှိတွင် အမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအပြင် စစ်ကောင်စီတပ်သားများ၏ မီးရှို့မှုကြောင့် နေအိမ် မီးလောင်ပျက်စီးဆုံးရှုံးမှု များပြားလာနေသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က အမ်းမြို့နယ်၊ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့သည်။

အလားတူ အောက်တိုဘာ ၂၁ ရက်ကလည်း အမ်းမြို့နယ်၊ လုံးကျေးရွာကို စစ်ကောင်စီတပ်သားများက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

“စစ်ကောင်စီဟာ AA နဲ့ တိုက်ပွဲဖြစ်ပြီး အရှုံးနဲ့ပဲ ရင်ဆိုင်နေရတော့ AA သိမ်းပိုက်ထားနဲ့ နယ်မြေတွေမှာ အရပ်သားတွေ မနေနိုင်အောင် ဆက်တိုက် အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတယ်။ အဲလိုမျိုး ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုကျူးလွန်တာကတော့ စစ်ကောင်စီအတွက် ထူးဆန်းတဲ့လုပ်ရပ်တော့ မဟုတ်တော့ဘူး" ဟု ရခိုင်က လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်သားများနေထိုင်ရာ မြို့၊ ရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်နေ၍ နေအိမ်များ မီးလောင်ပျက်စီးမှုနှင့် အရပ်သားထိခိုက် သေဆုံးမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာနေသည်။

မြို့၊ ရွာဒေသများနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့် ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခြင်း၊ စစ်ကြောင်းထိုး မီးရှို့ခြင်းအပြင် လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးနေရသည်ဟု Data For Myanmar က ဆိုသည်။

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နိုင်ငံတဝန်းတွင် အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

Most read this week

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...
November 5, 2024
ဘင်္ဂလားဒေ့ရှ် - မောင်တောနယ်စပ်၌ လုံခြုံရေးဆောင်ရွက်နေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို...
ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
November 4, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။  ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ
November 4, 2024
ပြည်မဒေသအသီးအသီး၌ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့်...