မောင်တောတွင် စစ်ရှောင်များ ခိုလှုံနေသည့်နေရာ ဗုံးကြဲခံရ

မောင်တောတွင် စစ်ရှောင်များ ခိုလှုံနေသည့်နေရာ ဗုံးကြဲခံရ
နိုဝင်ဘာ ၂ ရက်တွင် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် စစ်ဘေးရှောင်များ။  ဓာတ်ပုံ - APM။
နိုဝင်ဘာ ၂ ရက်တွင် ဗုံးကြဲမှုကြောင့် သေဆုံးသွားသည့် စစ်ဘေးရှောင်များ။ ဓာတ်ပုံ - APM။

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ၍ စစ်ဘေးရှောင် ၄ ဦး သေဆုံးပြီး ကျောင်းထိုင်ဆရာတော်အပါအဝင် ၂ ဦး ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

မောင်တောမြို့နယ်၊ ပြားသားကျေးရွာကို နိုဝင်ဘာ ၃ ရက် ည ၇ နာရီတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီး ပထမတစ်ကြိမ်တွင် ရွာပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒုတိယတစ်ကြိမ်တွင် ဘုန်းကြီးကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းကြောင့် ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး ကျောင်းထိုင်ဆရာတော်နှင့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

“ဗုံးက စုစုပေါင်းငါးလုံးကြဲတာ။ ရွာပြင်နဲ့ ဘုန်းကြီးကျောင်းမှာ ကျတယ်။ စစ်ဘေးရှောင် ၄ ယောက်သေပြီး ကျောင်းက ဆရာတော်နဲ့ စစ်ဘေးရှောင်တစ်ယောက် ဒဏ်ရာရသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဗုံးကြဲမှုအတွင်း အသက် (၅၇)နှစ်အရွယ် ဦးရွှေကျော်၊ အသက် (၆၄)နှစ်အရွယ် ဒေါ်မစိုးရီ၊ မောင်ထွန်းထွန်းဝင်း (၁၇)နှစ်နှင့် ဦးမောင်သန်း (၆၄)နှစ်တို့ သေဆုံးခဲ့ပြီး ကျောင်းထိုင်ဆရာတော် အရှင် တေဇောဘာသ သက်တော်(၇၂)နှစ်နှင့် ဦးထွန်းထွန်းနိုင် (၄၇)နှစ်တို့ ဒဏ်ရာရရှိသွားခဲ့သည်။

သေဆုံးဒဏ်ရာရရှိသွားသည့် စစ်ဘေးရှောင်များမှာ တိုက်ပွဲကြောင့် မောင်တောမြို့မှထွက်ပြေးကာ ပြားသားကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသူများ ဖြစ်သည်။

မောင်တောမြို့နယ်အတွင်း အရပ်သားနေထိုင်ရာနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာနေ၍ အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေပြီး အောက်တိုဘာလအတွင်း အရပ်သား ၃၆ ဦးအထိ ထိခိုက်သေဆုံးခဲ့သည်ဟု DMG စာရင်းအရ သိရသည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် လုံခြုံမှုကင်းမဲ့လာသဖြင့် ဒေသခံများအပြင် စစ်ဘေးရှောင်များမှာ မကြာခဏ နေရာရွှေ့လျားပြီး ပြောင်းရွှေ့နေထိုင်ကြရသည်။

“အသက်တစ်ချောင်း ရှင်သန်ဖို့ လုံခြုံမဲ့နေရာတွေကို ပြေးလွှားနေကြရတယ်။ ကျနော် ဒေသခံတွေမှာ နေ့ရောညပါ ကောင်းကောင်း မနေထိုင်ရဘူး” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် နေအိမ်အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများ၊ စစ်ဘေးရှောင်များ ခိုလှုံနေကြရသည့် နေရာများကိုပါ ပစ်ခတ်မှတ်ထားတိုက်ခိုက်နေ၍ အစုလိုက်အပြုံလိုက် သေဆုံးနေကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း စစ်ဘေးရှောင်များခိုလှုံနေကြသည့် သံတွဲမြို့ရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရသည်။

“စစ်ကောင်စီက စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်တယ်။ အခုလို စစ်ဘေးရှောင်တွေ နေထိုင်ရာတွေပါ ဗုံးကြဲတိုက်ခိုက်တာက လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုမြောက်တယ်။ ကျနော်တို့က စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချတယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။  

DMG က စာရင်းပြုစုထားချက်အရ ရခိုင်တွင် အောင်တိုဘာတစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၁၈၀ အထိ ရှိခဲ့သည်။

ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
November 4, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။  ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ
November 4, 2024
ပြည်မဒေသအသီးအသီး၌ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့်...
နပခဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက်။  (ဓာတ်ပုံ - AA Info Desk)
November 4, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...
November 4, 2024
စစ်တွေအကျဉ်း‌ထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသူများထဲတွင် နိုင်ငံရေးပုဒ်မများနှင့်...