ဗန်းမောက်မြို့နယ်မှာ HIV ၊ တီဘီ၊ ငှက်ဖျားရောဂါတို့အတွက် ဆေးများဖြန့်ဝေမည်

ဗန်းမောက်မြို့နယ်မှာ HIV ၊ တီဘီ၊ ငှက်ဖျားရောဂါတို့အတွက် ဆေးများဖြန့်ဝေမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းက HIV၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနေတဲ့ ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်တဲ့ဆေးဝါးများကို ဖြန့်ဝေပေးသွားမယ်လို့  သိရပါတယ်။

HIVရောဂါ၊ တီဘီရောဂါနဲ့ ငှက်ဖျားရောဂါ တွေဟာ ဒေသတွင်းမှာ ဆေးဝါးပြတ်လပ်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် လာမယ့် နိုဝင်ဘာလမှ စတင်ပြီး ဆေးဝါးတွေပြန်လည်ဖြန့်ဝေပေးနိုင်မယ်လို့ သိရပါတယ်။

လာမယ့် နိုဝင်ဘာလ ဒုတိယအပတ်ထဲမှာ HIV ရောဂါအတွက် ART ဆေးအပါအဝင် ရောဂါသုံးမျိုးအတွက် ဆေးဝါးဖြန့်ဝေသွားမယ်လို့သိရပြီး  ရောဂါပိုးစစ်ဆေးတွေ့ရှိတဲ့ မည်သူကိုမဆို ဆေးဝါးများ ပေးဆောင်မှာဖြစ်တယ်လို့  ဗန်းမောက်မြို့ဆေးရုံရှိ ကျန်းမာရေးဌာနရဲ့ ရောဂါရှာဖွေရေး ဒုတိယ ဓာတ်ခွဲမှူး ကိုဇေယျာထွန်း  ရှမ်းနီအသံကို အခုလိုပြောပြပါတယ်။

“ ကျွန်တော်တို့ဆေးထုတ်ပေးတာကတော့ ရှိသမျှအားလုံးကိုထုတ်ပေးတာပဲ ဘယ်သူ့ကိုပေးတယ် ဘယ်သူ့ကိုချန်ထားတယ်ဆိုတာမရှိဘူး အရင်ရောက်တဲ့သူကရောဂါစစ်လိုက်တယ် စစ်လိုက်လို့ ဥပမာHIV ပိုးတွေ့တယ်မှန်တယ်ဆို ဆေးပေးလိုက်တာပဲ ပေးနိုင်သမျှအကုန်ပေးလိုက်တာပဲ ကုန်သွားတဲ့အထိပေါ့ ကုန်သွားရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားတာရှိဖူးတယ် အခုကတော့မရပ်အောင်တော့လုပ်နေတယ်’ဟု သူကပြောပါတယ်။

လမ်းခရီးအခက်အခဲနဲ့ ကျေးရွာတွေကနေ လာရောက်ရတဲ့ လူနာဒေသခံများကိုလည်း လိုအပ်တဲ့ဆေးဝါး သုံးလစာခန့်ကြိုတင်ပေးတာတွေ၊ကျန်းမာရေးဆရာ/ဆရာမများမှတစ်ဆင့်  လစဉ်ပေးတာတွေ စတဲ့ဒေသခံများအဆင်ပြေစေရန် အကောင်းဆုံးကြိုးစားဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုလို  ပြတ်တောက်နေသောဆေးဝါးများကို ပေးဆောင်နိုင်ဖို့အတွက် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တပ်ဖွဲ့များရဲ့ လုံခြုံရေးအကူအညီဖြင့် သယ်ယူပို့ဆောင်ပေးမှုများကြောင့် ဗန်းမောက်မြို့နယ်ထဲ တင်သွင်းနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ အရင်နှစ်တွေကတော့ ဆက်သွယ်ရေးလမ်းကြောင်းကပိုကောင်းနေတော့ ပိုပေးနိုင်တာပေါ့နော့  အခုနှစ်စပိုင်းမှာ တော်တော်ကြီးကိုလမ်းပိုင်းဆက်သွယ်ရေး ပြတ်တောက်သွားတာလေ မြေပြင်လမ်းကနေကပို့လို့မရတော့ဘူး ဒါကြောင့်ဆေးပြတ်သွားတဲ့ကာလတွေနည်းနည်းရှိခဲ့တယ် အခုကျတော့ SNA အဖွဲ့အစည်းရဲ့ အကူအညီနဲ့ ဟုမ္မလင်းကနေတစ်ဆင့် ဗန်းမောက်ထိ အဆင့်ဆင့်ပေါ့ဗျာ အဖွဲ့အစည်းရဲ့အကူအညီနဲ့မို့လို့သာ လုပ်နိုင်သာ အစပိုင်းကမလုပ်နိုင်ဘူးလေ ဒါကြောင့်ပြတ်သွားတာ’ဟု သူကဆက်ပြောပြပါတယ်။

ဒီဆေးဝါးများကို မန္တလေးမြို့ကနေ ဟုမ္မလင်းမြို့ကို လေယာဉ်ဖြင့်သယ်ဆောင်ကာ အဲကနေတစ်ဆင့်  ဗန်းမောက်မြို့နယ်ထဲရောက်ရှိိနိုင်ဖို့အတွက် ရေကြောင်း၊ကုန်းကြောင်းများဖြင့် ခက်ခက်ခဲခဲ အဆင့်ဆင့်သယ်ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ ဗန်းမောက်မြို့နယ်ဟာ ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းထဲမှာပါဝင်နေပြီး ၂၀၁၅ ခုနှစ် စတင်ပြီး စစ်ဆေးရာမှာ ၂၀၁၆ တွင် ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀)ကျော်၊၂၀၁၇တွင် (၂၀၀၀) ကျော်၊၂၀၁၈တွင်(၁၇၀၀) ကျော်၊ ၂၀၁၉တွင်(၈၀၀)ကျော်၊ ၂၀၂၀တွင် (၆၀၀)ကျော်နှင့် ၂၀၂၁ ဇွန်လ၁၀ရက်အထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရာ(၃၀၀)ကျော်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

ဗန်းမောက်မြို့က လိုအပ်တဲ့ ဆေးဝါးတွေကို စစ်ကိုင်းတိုင်းကျန်းမာရေးဌာန (မုံရွာ) မှ သယ်ယူနေရပေမယ့် လမ်းကြောင်းပိတ်ပင်ထားမှုကြောင့် ၂၀၂၂ ခုနှစ်ကတည်းက ကျန်းမာရေးဌာနမှ ကာကွယ်ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေတာလည်းဖြစ်ပါတယ်။

October 30, 2024
မိုးညှင်းမြို့နယ်  အင်းတော်ကြီးဒေသထဲမှာ စပါးရိတ်သိမ်းရာသီရောက်ရှိလာသော်လည်း...
October 25, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဆေးပေးခန်း...
October 24, 2024
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့က တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခံရမှုကြောင့်...
October 21, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  အခုလတွေအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ...