ကျိုက်ထိုတွင် စစ်ကောင်စီအင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးလာ၊ ကျေးရွာလုံခြုံရေးနေရာနှင့် နေအိမ်အချို့ကို မီးရှို့

ကျိုက်ထိုတွင် စစ်ကောင်စီအင်အားရာနှင့်ချီ၍ စစ်ကြောင်းထိုးလာ၊ ကျေးရွာလုံခြုံရေးနေရာနှင့် နေအိမ်အချို့ကို မီးရှို့

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊ မဲရုံးလေးကျေးရွာများဘက်သို့ ယမန်နေ့ အောက်တိုဘာလ(၃၀)ရက်မှစတင်ကာ စစ်ကောင်စီ တပ် အင်အား(၂၀၀)ထက်မနည်း စစ်ကြောင်းထိုးလာပြီး ကျေးရွာစစ်ဆေးရေးဂိတ်တစ်ခုနှင့် နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူနှင့် ဒေသခံသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

စစ်ကောင်စီ၏ သိမ်ဇရပ်မြို့အခြေစိုက် အမြောက်တပ် အမတ-၃၁၀၊ ခြေမြန်တပ်ရင်း ခမရ-၂၀၇၊ ကျိုက်ထိုမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၉၆ တို့ ပူးပေါင်းထားသည့် စစ်ကြောင်းမှာ ကျောက်ပုံ၊ မဲရုံးလေး၊ အထက်အင်္ဂဘို အစရှိသည့်ကျေးရွာများသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ကျောက်ပုံကျေးရွာရှိ KNU၏ ကျေးရွာအုပ်စု စစ်ဆေးရေးဂိတ်နှင့်အနီး ပြည်သူပိုင်နေအိမ်(၂)လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

"KNLA ဂိတ်တော့မဟုတ်ဘူး။ KNU ကျေးနယ်ဂိတ်ကို မီးရှို့သွားတာ။ သိမ်ဇရပ်ဘက်ကနေလည်း အဲဒီစစ်ကြောင်းကို လက်နက်ကြီးပစ်ကူပြီး လုံခြုံရေးယူပေးနေတယ်။ မနေ့ကညကအထိ ပစ်တာ ၁၈ လုံးလောက်ရှိပြီ။ စိုက်ခင်းတွေထဲကျလို့ အပင်တွေပျက်စီးတာလောက်ပဲ ရှိသေးတယ်။ သက်ရှိတော့ မထိဘူး" ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင် ကေအိုင်စီသို့ ပြောသည်။

ထို့အတူ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များက အဆိုပါ  ဂိတ်အနီးရှိ ပြည်သူပိုင် နေအိမ်(၂)လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက်အထိ အထက်အင်္ဂဘိုကျေးရွာရှိ လက်ပံပင်အုပ်စုအနီး အင်အားထပ်မံတိုးချဲ့လာကြကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံက ဆိုသည်။

၎င်းဒေသခံက "အင်အား ဒီလောက်များများနဲ့လာတာ စစ်ဆင်ရေးလုပ်မယ်လို့ပဲ ထင်တယ်။ မနက်ကလည်း လက်ပဘက်မှာ အင်အား ၂၀၀ လောက်ထပ်တိုးထားတယ်လို့ ကြားတယ်။ ကျောက်ပုံ ဘက်ကို စစ်ကြောင်းထိုးတုန်းကတော့ ရွာဂိတ်နားမှာရှိတဲ့ ပြည်သူပိုင် အိမ်(၂)အိမ်လောက်ရှိမယ်၊ မီးရှို့သွားသေးတယ်။ ကျောက်ပုံ၊ ဂူးဂူး အဲဒီရွာကလူတွေကတော့ ပြေးကြပြီ" ဟု ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဥ် ယမန်နေ့ကလည်း ကျိုက်ထိုမြို့ပေါ်မှ ကျေးရွာများဘက်သို့ ဈေးလာရောင်းသည့် ဒေသခံများအား ဖမ်းဆီးကာ ဆိုင်ကယ်နှင့် ဈေးတင် ရောင်းသည့်ကုန်ပစ္စည်းများကို သိမ်းယူပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များ အရ သိရသည်။

၎င်းအပြင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များ ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ ကြောင်းလည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ(၃)ရွာပေါင်း ဒေသခံ(၅၀၀)ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို စစ်တပ်က အင်အားတိုးချဲ့ထားသည့် အတွက် စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...