အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ထောင်နှင့်ချီပြီးပိတ်မိနေကာ ရိက္ခာလုံး၀ပြတ်လပ်သွားသည့် အနေအထားသို့ရောက်ရှိနေ

အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ထောင်နှင့်ချီပြီးပိတ်မိနေကာ ရိက္ခာလုံး၀ပြတ်လပ်သွားသည့် အနေအထားသို့ရောက်ရှိနေ

တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ ပြတ်တောက်ပြီး အထူးအခက်အခဲဖြစ်နေကြသည်ဟု သတင်းရရှိသည်။

သူတို့အား မြို့ထဲမှ ပြင်ပသို့ ထွက်ခွာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသည်သာမက  မြို့ထဲတွင်လည်း သွားလာခွင့် ယနေ့ နံနက်စပြီး ကန့်သတ် ပိတ်ပင်လိုက်ရာ ရိက္ခာရရှိရေးမှာ အထူးအခက်အခဲ ဖြစ်သွားပြီဟု ဆိုသည်။

“ အမ်းမြို့ပေါ်ကို ရောက်နေတဲ့ စစ်ဘေးရှောင်တွေက ဘယ်ကမှ အထောက်အပံ့ အကူအညီလည်း မရှိဘူး။ ကိုယ့်ကိုကိုယ် ရုန်းက စားသောက်နေကြတာ။ အိမ်က ထွက်လာကတည်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့ကြတာ။  အခုက ဘယ်ကိုမှ သွားလာလို့ မရတော့ ရိက္ခာပြတ်ပြီး  အငတ်ဘေး ကြုံနေရတဲ့ အနေအထားထိ ရောက်ရှိနေပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။  

စစ်ကောင်စီတပ်သည် အမ်းမြို့ပေါ်ရပ်ကွက် ၇ ခုဖြစ်ကြသည့် အမူထမ်းရပ်ကွက်၊ လေယဉ်ကွင်း ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊  ၃ရပ်ကွက်၊၄ရပ်ကွက်၊ ၅ရပ်ကွက်နှင့် အောက်ရွာတို့အား တစ်ရပ်ကွက်နှင့် တစ်ရက်ကွက် သွားလာခွင့်ကို ယနေ့နံနက်စပြီး ပိတ်ထားလိုက်ပြီဟု ၎င်းက ပြောသည်။

" ဒီနေ့မနက်အစောကပင် လုံးဝသွားလာခွင့်ကို ပိတ်ထားတာပါ။ တရပ်ကွက်နဲ့ တရပ်ကွက်တောင် သွားခွင့်မရှိဘူး။ ပိတ်ထားတဲ့ကြားက သွားတဲ့သူကို ဘယ်သူ့ကို မဆိုပစ်သတ်မယ်လို့ ပြောထားပါတယ်"ဟုသူက ဆိုသည်။

လက်ရှိ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်များ အပါအ၀င် ဒေသခံပြည်သူ သုံးလေးထောင်ခန့်ရှိနေပြီး အများစုမှာ တိုက်ပွဲကြောင့် အသက်အန္တရာယ် ကျရောက်မည်ကို စိုးရိမ်နေကြရသလို တစ်ခြား တစ်ဖက်တွင်လည်း ရိက္ခာပြတ်တောက်ကာ အခက်အခဲဖြစ်နေကြသည်ဟု အမ်းဒေသခံ လူမှုရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

“ အမ်းမြို့က နဂိုကတည်းက ပြင်ပ ဒေသက ဆန်ကို အားထားနေရတဲ့ မြို့ဖြစ်ပါတယ်။ ဗမာပြည် မင်းဘူး၊ မကွေးနဲ့  ရခိုင်ပြည်က အောက်ပိုင်းက ဆန်တွေကို အားကိုးနေရတဲ့မြို့ဖြစ်ပါတယ်။ အခု သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပိတ်သွားတော့ ဆန်က မြို့ထဲကို အဝင်မရှိတော့ဘူး။ အခုတော်တော့ကို အခက်အခဲဖြစ်နေကြပြီလို့ သိရပါတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ပိုပြီး စိုးရိမ်စရာဖြစ်နေပါတယ်။"

စစ်ကောင်စီတပ်က ကျေးရွာသားများကို ရွာထဲက အတင်းနှင်ထုတ်ပြီး အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင် ခိုင်းခံရသည့် ကျေးရွာများမှာ ဆင်ဒိုးရွာ၊ ဒိုင်ကြီး၊ သစ်ပုတ်ပင်၊ ဒိုးကလေး၊ ဂျင်ကုန်း၊ အင်ကုန်း၊ ပဲပဒုံ၊ ဇာဒီမော်၊  ရွာသစ်၊ကညင်တောင်၊ ကမ်းဒိတ်၊ ဆူးပုတ်၊ ပျဉ်းတော၊မြောက်ဖက်၊ ထမင်းထုတ်၊ လုံးကျေး ရွာ၊ ကြောင်ဖြူကွင်း၊ ကျောက်စကွဲနှင့် မီးကျောင်းချောင်းစသည့် ကျေးရွာများမှ ဖြစ်ကြသည်ဟု သိရသည်။

လက်ရှိ မြို့ဧရိယာထဲတွင် ပါဝင်သည့် နေရာအချို့တွင်လည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီလေတပ်ကလည်း မြို့အနှံ့ ဗုံးကြဲချနေ၍ မြို့ထဲတွင် စစ်ဘေးရှောင်များ အပါအဝင် ဒေသခံပြည်သူ ထောင်နှင့်ချီ ပိတ်မိနေသည်ဟု သိရသည်။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...