ရခိုင်က ကျောက်ကပ်ဝေဒနာရှင်များ ဆေးကုသခွင့် ဆုံးရှုံးနေရ

ရခိုင်က ကျောက်ကပ်ဝေဒနာရှင်များ ဆေးကုသခွင့် ဆုံးရှုံးနေရ

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပတ်ဆို့ထားမှုကြောင့် ကျောက်ကပ်ဝေဒနာရှင်များမှာ ကျောက်ကပ်သွေးသန့်စင်ရန် အခက်အခဲရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည်အထိဖြစ်လာနေကြောင်း ပြောဆိုကြသည်။

ယခင်က စစ်တွေမြို့ရှိ ရွှေကရုဏာဆေးခန်းတွင် ကျောက်ကပ်ဆေး၍ အဆင်ပြေခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားချိန်မှစကာ လမ်းခရီးပိတ်ဆို့မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များမှ ကျောက်ကပ်ဝေဒနာရှင်များမှာ ဆေးဝါးကုသရန် အခက်ကြုံနေကြခြင်းဖြစ်သည်။

" ကိုယ့်ရပ်၊ကိုယ့်ဒေသက နေပြီး ရန်ကုန်သွားပြီး ကုမယ်ဆိုရင်လည်း ဘယ်လိုမှ အဆင်မပြေဘူး။ ကျောက်ကပ်ဝေဒနာရှင်တွေက ကျောက်ကပ်ဆေးပြီးတော့ အသက်ဆက်နေရတာ။ အခု ကျောက်ကပ် မဆေးရတော့ ရောဂါပိုဆိုးလာတယ်" ဟု ကျောက်တော်မြို့နယ်မှ ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် ကျောက်ကပ်သန့်စင် စက်မှာ စစ်တွေမြို့၊ ရွှေကရုဏာ ဆေးခန်းတစ်ခုတည်း၌သာ ရှိပြီး ဝေဒနာရှင်များမှာ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ပတ်လျှင် တစ်ကြိမ်စသဖြင့် ရောဂါအခြေအနေအပေါ် မူတည်ပြီး ကျောက်ကပ်သွေးသန့်စင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့ အဝင်/အထွက်ကို ပိတ်ဆို့ထား၍ ဒေသခံများမှာ စစ်တွေမြို့သို့ သွားရောက်ဆေးကုသရန်လည်း အဆင်မပြေတော့ပေ။ ယင်းအပြင် လမ်းခရီးပိတ်ဆို့ထားမှုနှင့်အတူ ငွေကြေးအခက်အခဲကြောင့် အခြားပြည်မဘက်သို့ သွားရောက် ဆေးကုသရန် အဆင်မပြေ၍ ကျောက်ကပ်ဝေဒနာရှင်များမှာ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်လာနေသည်။

"စစ်ဘေးရှောင်နေရတဲ့အတွက် ငွေရေးကြေးရေး အကုန်လုံးခက်ခဲတယ်။ အခုဆို ရောဂါက ပိုဆိုးလာတော့ အသက်အန္တရာယ်စိုးရိမ်စရာအခြေနေလို့ ပြောလို့ရပါတယ် " ဟု ပေါက်တောမြို့နယ်မှ ကျောက်ကပ်ဝေဒနာရှင် အမျိုးသမီးတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးရုံသာမက ဓာတ်ပစ္စည်းများနှင့် အရည်များကိုလည်း ထိန်းညှိပေးပြီး ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်သည့်အခါ ခန္ဓာကိုယ်အတွင်း ဓာတ်ပစ္စည်း မညီမမျှဖြစ်လာကာ အသက်အန္တရာယ် ထိခိုက်လာနိုင်သည်။

ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်လျှင် သွေးထဲရှိ စွန့်ထုတ်ရန်လိုအပ်သည့် အညစ်အကြေးများကို မထုတ်နိုင်ဘဲ ခန္ဓာကိုယ်မှ အရည်များမထုတ်နိုင်သဖြင့် အန္တရာယ်ရှိလာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းက ဆိုသည်။

" ကျောက်ကပ်သမားတွေဟာ ကျောက်ကပ်ပုံမှန်မဆေးနိုင်ဘူးဆိုရင် အသက်အန္တရာယ်က အရမ်းစိုးရိမ်စရာပါ။ ကျောက်ကပ်ထိခိုက်ရင် ခန္ဓာကိုယ်က လုပ်ငန်းတွေ အားလုံးထိခိုက်နိုင်တယ်။ ကျောက်ကပ် ပုံမှန်မလုပ်နိုင်တော့တဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ အဆိပ်တောက်တွေကို မဖယ်ရှားနိုင်တော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးပျံ့နှံ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်" ဟု ဆရာဝန်တစ်ဦးက ဆိုသည်။

ယင်းကြောင့် ဆား၊ ဆီ၊ နို့နှင့် နို့ထွက်ပစ္စည်းများကို လျော့စားခြင်း၊ အဝ မလွန်အောင်ထိန်းညှိ နေထိုင်ခြင်း၊ ဆီး ပုံမှန်သွားပေးခြင်း၊ ဆေးလိပ်နှင့် အရက်လျော့သောက်ခြင်းစသည့် နည်းလမ်းများဖြင့် ကျောက်ကပ်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း သိရသည်။

တစ်ဖက်တွင် ရခိုင်က ကျောက်ကပ်ဝေဒနာရှင်အချို့မှာ လမ်းခရီးပိတ်ဆို့မှုကြားမှ ရရာနည်းလမ်းဖြင့် ပြည်မဘက်သို့ သွားရောက် ကျောက်ကပ်သွေးသန့်စင်ခြင်းများ ရှိနေသည်။ သို့သော်လည်း ကျောက်ကပ်သွေးသန့်စင်မှု တစ်ကြိမ် ပြုလုပ်ပါက ငွေကျပ် ၅ သိန်းအထက် ကုန်ကျမှုရှိနေသည်။

" အခုက ရန်ကုန်က ဆေးခန်းတွေမှာ ဆေးနေရတယ်။ ငွေအကုန်ကျလည်း အရမ်းများတယ်။ ပုံမှန်ဝင်ငွေကလည်း မရှိဘူး။ တစ်လမှာ နှစ်ကြိမ် ဆေးနေရတော့ တော်တော်လည်း ခက်ခဲပါတယ်" ဟု ရန်ကုန်တွင် ဆေးကုသမှုခံယူနေသည့် ကျောက်ကပ်ဝေဒနာရှင် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဆေးဝါးပြတ်လပ်နေပြီး နာတာရှည်ရောဂါဝေဒနာရှင်များမှာ ဆေးဝါးများ ဝယ်ယူ၍ မရသဖြင့် အသက်သေဆုံးမှုများလည်း ရှိနေသည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...