မိုးကုတ် တပိုင်တနိုင်ကျောက်တွင်းများ ပြန်ဖွင့်ပြီ

မိုးကုတ် တပိုင်တနိုင်ကျောက်တွင်းများ ပြန်ဖွင့်ပြီ

မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြန်လည် လုပ်ပိုင်ခွင့်ပြုလိုက်ပြီဟု ဒေသခံများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် တအာင်းတပ် TNLA က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးစနစ်များ လည်ပတ်နေပြီ ဖြစ်သည့် မိုးကုတ်မြို့က တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို ပြန်လည်လုပ်ပိုင်ခွင့် (တူးခွင့်) ပြုနေပြီဟု ဒေသခံများက ပြောသည်။

မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက “အခု မိုးကုတ်မှာကလေ အခွန်တွေကတော့ ကောက်တယ်။ ဥပမာ ကျောက်ဆိုရင်လည်း လူခွန် တွင်းခွန် ဆိုတာမျိုး ရှိတယ်။ တွင်းလုပ်မယ့် လုပ်သားတစ်ယောက်က တစ်နှစ်ကို တွင်းလုပ်သားဆိုတဲ့ လုပ်ကိုင်ခွင့် လက်မှတ်ကို ထုတ်ပေးတယ်။ အဲဒီ လက်မှတ်ရှိမှ တရားဝင် တွင်းဆင်းလို့ ရမယ်ပေါ့နော်” ဟု ပြောသည်။

ဒေသခံများ စားဝတ်နေရေးပြေလည် စေရန်အတွက် တနိုင်တပိုင် ကျောက်လုပ်ကွက်များကို လုပ်ကိုင်ခွင့် ပြုရခြင်း ဖြစ်သည်ဟု TNLA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ထာပွဲများ (မိုးကုတ်မြို့က ကျောက်မျက်ရောင်းဝယ်ကြသည့်နေရာ) လည်း ပြန်ဖွင့်နေပြီ ဖြစ်ပြီး ကျောက်မျက်များကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် ပေးထားပြီဟု ဒေသခံများက ဆိုသည်။

သို့သော် တစ်ပိုင်တစ်နိုင် ကျောက်မျက်လုပ်ငန်းများနှင့် အရောင်းအဝယ်များအား မိုးကုတ်မြို့အတွင်း၌သာ လည်ပတ်နေသည်။ မြို့ပြင်ပ စျေးကွက် မရှိသေးသလို၊ မြို့တွင်း၌လည်း မြို့ခံ အချင်းချင်းကြားသာ ရောင်းဝယ် နေကြခြင်း ဖြစ်သည်။

အကြီးစား ကျောက်မျက်တွင်းများကိုမူ လတ်တလော လုပ်ခွင့် (တူးခွင့်) မပေးသေးဘဲ တစ်ပိုင်တစ်နိုင် ကျောက် မျက်တွင်းများအား စက်တင်ဘာလမှ စတင်ကာ တစ်နှစ်စာ အခွန်များ စတင်ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ကျောက်မျက်လုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

ကျောက်မျက်တူးဖော်ရေး လုပ်ငန်းနှင့် နီးစပ်သူ တစ်ဦးက “အကြီးစားတွေကိုတော့ သူတို့ ခွင့်မပြုသေးဘူး။ သူတို့ အဓိကကတော့ လက်လုပ်လက်စားတွေကို သူတို့က မှတ်ပုံတင်ခိုင်းတယ်။ တွင်းလုပ်ဖို့ မှတ်ပုံတင်ပေါ့ တွင်းလုပ်သား မှန်သမျှ မှတ်ပုံတင်ရတယ်။ အဲ့ဒါတွေတော့ စတင် လုပ်ဆောင်နေတာ တွေ့ရတယ်။ တွင်းလုပ်တဲ့ လိုင်စင်ပေါ့”ဟု ပြောသည်။

လက်ရှိတွင် တွင်းလုပ်သား လိုင်စင်အား တစ်နှစ်စာအတွက် ကျပ် ၃၅,၀၀၀ ပေးသွင်းရပြီး၊ တွင်းဆရာ လိုင်စင်၊ လောပန်း (သူဌေး) လိုင်စင်ဟူ၍ လိုင်စင် အမျိုးအစားများ ခွဲကာ အခွန်များ ကောက်ခံနေသည်ဟု မိုးကုတ်ဒေသခံ များက ဆိုသည်။

ဒေသခံများအား တစ်ပိုင်တစ်နိုင် ကျောက်မျက်လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့် ပြုခဲ့သော်လည်း စီးပွားဖြစ် ကျောက်မျက် လုပ်ငန်းများကိုမူ ပြန်လည် ခွင့်ပြုပေးခြင်း မရှိသေးသည့်အတွက် ပြည်သူများ၏ စားဝတ်နေရေး မှာ ခက်ခဲနေဆဲဟု ဒေသခံများက ဆိုသည်။

မိုးကုတ်ဒေသခံတစ်ဦးက “စီးပွားရေးကတော့ အကုန်လုံး ခက်ခဲနေကြတာပေါ့နော်။ ဘာကြောင့် ခက်ခဲတာလဲ ဆိုတော့ လူတိုင်းက အလုပ်လက်မဲ့တွေ ဖြစ်သွားကြတယ်။ တစ်ချို့ဆိုင်တွေဆိုလည်း ပိတ်ရတယ်။ နေ့စားတွေ ဆိုရင်လည်း အိမ်စောင့်တဲ့သူ မရှိတော့ မရတာမျိုးပေါ့နော်။ စီးပွားဖြစ် ကျောက်တွေကျတော့ TNLA ဘက်က တရားဝင် လုပ်ကွက် မချပေးတဲ့အတွက် လုပ်ငန်းတွေ ရပ်တန့်နေတာမျိုးတွေ ရှိတယ်” ဟု ပြောသည်။

မိုးကုတ်မြို့ခံမှာ ၉၀ ရာခိုင်နှုန်းမှာ ကျောက်မျက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများ ဖြစ်သည်။

လက်ရှိ မိုးကုတ်မြို့က ကျောက်မျက်လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို TNLA ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

မိုးကုတ်မြို့ ဒေသခံများ စားဝတ်နေရေး အဆင်ပြေစေရန် တစ်ပိုင်တစ်နိုင် ကျောက်မျက်တူးဖော်ခွင့်များ ပြန်လည် ခွင့်ပြုပေးသွားမည်ဟု TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်မှ သြဂုတ်လ ၁၈ ရက်နေ့၊ မိုးကုတ်မြို့ခံ ပြည်သူများနှင့် တွေ့ဆုံချိန်တွင် ပြောဆိုထားသည်။

လက်ရှိတွင် TNLA ဦးဆောင်သည့် မြို့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး အဖွဲ့ များက အိုးအိမ်ခွန်၊ ယာဉ်ခွန် စသည်တို့ကို ယခင်လ ကတည်းက စတင်ကောက်ခံနေပြီ ဖြစ်သည်။

အခွန်ကောက်ခံသည့် အခြေအနေအပေါ်  စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်သည့် အချိန်မှသာ ကောက်ခံ လျှင် ပို၍ အဆင်ပြေနိုင်မည်ဟု ဒေသခံများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် သိမ်းပိုက်ခဲ့သော မြို့များအားလုံး နှင့် ဒုတိယပိုင်းတွင် ထပ်မံသိမ်းပိုက်ရရှိခဲ့ သည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့၊ သီပေါမြို့တို့တွင်လည်း TNLA ၏ အုပ်ချုပ်ရေးစနစ်များ လည် ပတ်နေပြီဟု ဒေသခံများက ပြောသည်။

October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...