မင်းတပ်မြို့နယ်မှာ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးမှု အရေအတွက်တိုးလာ

မင်းတပ်မြို့နယ်မှာ စစ် ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ သေဆုံးမှု အရေအတွက်တိုးလာ

ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ နေရတဲ့မင်းတပ်မြို့နယ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးမှု အရေအတွက် တိုးလာနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေကပြောပါတယ်။မင်းတပ်မြို့နယ်အတွင်း မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောင့်မှု အခြေနေများ

မင်းတပ်မြို့နယ် အတွင်းမှာ ဒီနှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူလူထု ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ များစွာ ပျက်စီးဆုံးရှုံးမှု ရှိနေပါတယ် ။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေ အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိခင် (သို့မဟုတ်) မွေးကင်းစ ကလေးသေဆုံးမှု နဲ့ မိခင်ဝမ်းအတွင်း သန္ဓေသားသေဆုံးမှု တွေပါ ရှိလာနေတာ ဖြစ်ပါတယ်။ မင်းတပ်မြို့နယ် ထဲက ကိုယ်ဝန်ဆောင် မိခင် တွေ နဲ့ မွေးကင်းစ ကလေးငယ်တွေ အတွက် ဆေးဝါး အထောက်အကူ နဲ့ အစာအဟာရ အထောက်အပံ့တွေ မလုံလောက်တာကြောင့် မိခင်နှင့် ကလေး ကျန်းမာရေး အခြေအနေတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတယ်လို့ မင်းတပ်မြို့နယ် က ဒေသခံတွေက ပြောပါတယ် ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေကို ဗုံးခိုကျင်း အတွင်းမှာပဲ ကလေးမွေးပေးလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ် ။ “စစ်ကောင်စီက ဗုံးလာကြဲသွားတယ် ၊ ဗုံးလာကြဲတဲ့ အချိန်မှာ ၊ ဆေးခန်းထဲ မှာ ကလေးမွေးပေးဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး ၊ မိခင် ဖြစ်သူကလည်း မွေးတော့မယ့်ဆဲဆဲ ၊ သားအိမ်ကလည်း ပွင့်နေပြီ ၊ ဆိုတော့ ဗုံးခိုကျင်းထဲခေါ်ပြီးမှ ကျနော်တို့ ကြိုးစားပြီး ကလေး မွေးပေးလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံခဲ့ရတယ် ။” လို့ မင်းတပ်မြို့နယ် တစ်နေရာမှာ ပြည်သူ့ကျန်းမာရေး/မိခင်နှင့်ကလေး ကျန်းမာရေးကိစ္စ ဦးစီးဆောင်ရွက်နေတဲ့ SAVE TEAM ခေါင်းဆောင် တစ်ဦးက ပြောပြပါတယ် ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မီးနေသည် အမျိုးသမီး တွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ /ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ကြောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ် ။ မီးဖွားခါ စ အမျိုးသမီး တချို့မှာ စိုးရိမ်ကြောင့်ကြမှု တွေကြောင့် သွေးသွန် တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ “စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကို စိုးရိမ်နေတာ က တကြောင်း၊ အခြားသော နောက်ထပ်ပြဿနာ တွေကို စိုးရိမ် တာက တကြောင်းကြောင့် မီးဖွားပြီးပြီးချင်း မှာပဲ သွေးသွန်တဲ့ ကိစ္စတွေ လည်း ကြုံခဲ့ရတယ် ။” လို့  SAVE TEAM ခေါင်း ‌ဆောင် တစ်ဦး ကဆိုပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ ကိုယ်ဝန်ဆောင် မိခင်အပါအဝင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ဖြစ်စဉ် တစ်ရပ် မင်းတပ်မြို့အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေး နှင့် မှတ်တမ်းဌာန ရဲ့ မှတ်တမ်း တစ်ခုမှာ တွေ့ရပါတယ် ။ ဖြစ်စဉ်က ၂၀၂၁ ခုနှစ် မေလ ဆန်းပိုင်း (၁၅) ရက်နေ့ ၊ မနက်ပိုင်း မှာ ဖြစ်ပွားခဲ့တာလို့ မှတ်တမ်းမှာ ပါရှိပါတယ် ။“အဖမ်းဆီးခံရသူ တွေထဲမှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးပါပြီး သူက ၁ နှစ်-၂ လ သား လေးကိုပါ ကျောပိုးထား ပါသေးတယ်။ အကြမ်းဖက် စကစ တပ်တွေက လူသားဒိုင်းကို ၂ ထပ်လုပ်ပြီး ရှေ့ဆုံးမှာတော့ ကလေးပိုးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၁၀ ယောက်ကို တန်းစီပြီး သွားခိုင်းပါတယ်။” လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာလည်း မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကြောင့် စစ်ဘေးတိမ်းရှောင်ရင်း (၇) လ သားအရွယ် ကလေးငယ် တစ်ဦး ဖျားနာသေဆုံးမှု ဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-သတင်း/ပြန်ကြားရေးနှင့် မှတ်တမ်းဌာန ရဲ့ မှတ်တမ်း တစ်ခုမှာဖော်ပြထားပါတယ် ။၂၀၂၃ ခုနှစ် ဇူလိုင် လ ၈ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် ၊ ဝုမ်းခုန် ကျေးရွာက နို့တိုက် မိခင် တစ်ဉီး ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ပြီး သေဆုံးခဲ့ကာ (၂) လသား အရွယ် ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။

စစ်ကောင်စီလေတပ် ဟာ မင်းတပ်မြို့နယ်မှာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ လ ကနေ စက်တင်ဘာ လ အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်‌ပေါင်း (၁၃၀) ထက်မနည်း ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုမှာ ပြည်သူ (၂၉) ဦး သေဆုံးခဲ့ တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်- CDF-Mindat ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ် ။

ဆေးဝါး/ထောက်ကူ ပစ္စည်းများ သယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်မှု

စစ်ကောင်စီက ဆေးဝါးနဲ့ စား သောက်ကုန်ပစ္စည်းတင်ပို့မှုတွေကို အဓိကထား ပိတ်ဆို့‌နေတာ ဖြစ်လို့ မင်းတပ်မြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ဆေးဝါး နဲ့ အထောက်အကူ ပစ္စည်းတွေလည်း သယ်ယူ ပို့ဆောင်ဖို့ အင်မတန် ခက်ခဲနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေက ဆိုပါတယ် ။“အခုလို ဖြတ်လေးဖြတ်/ဖြတ်ငါးဖြတ် တွေ ရှိနေတော့ မိခင် နဲ့ ကလေးတင် မကပါဘူး ၊ အခြေခံလူတန်းစားတွေ ကြားထဲမှာလည်း အာဟာရ မပြည့်ဝတဲ့ ပြဿနာတွေ ရှိနေတယ်။ ဟိုတလောကဆို အာဟာရ ပြတ်လပ် မှု (အစားအသောက် လုံလောက်စွာမရရှိမှု) ကြောင့် မလှုပ်ရှားနိုင်တော့တဲ့ လူနာတွေလည်း တွေ့ရတယ်။” လို့ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၂) ဒေသခံ ဦးတမ်ထန်းအွမ် (အမည်လွှဲ) က ပြောပြပါတယ် ။စစ်ကောင်စီဘက်က ပိတ်ဆို့ ဖြတ်တောက်မှုတွေ ကြောင့် ဆေးဝါးနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်တဲ့ နေရာမှာ အခက်အခဲတွေ ယခင်ကထက် ပိုပြီး များလာတယ်လို့ သိရပါတယ် ။ အဲဒီအကျိုးဆက်ကြောင့် မိခင်နဲ့ ကလေး ကျန်းမာရေး အခြေအနေတွေလည်း ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေအထိ ရောက်ရှိနေပြီး ၊ မိခင်နဲ့ ကလေး သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ အမည်မ‌ဖော်လိုတဲ့ CDM သူနာပြု ဆရာမ တစ်ဦးက ပြောပြပါတယ် ။“ဆေးဝါး မလုံလောက်တာ ကို ကြည့်တာနဲ့ တင် အခြေအနေ ပိုဆိုးလာတာ သုံးသပ်လို့ ရပါတယ် ၊ ပြီးခဲ့တဲ့လ (ဩဂုတ်လ ၂၀၂၄) တစ်လတည်းမှာတင် အ‌သေမွေးတာ (၃) ယောက် ၊ မီးဖွားပြီး မိခင်သေဆုံးတာ (၂) ယောက်၊ ရှိတယ်လို့ကြားတယ်” လို့ ဆိုပါတယ် ။စစ်ကောင်စီကမင်းတပ်မြို့နယ်က ဒေသခံပြည်သူ တွေအားထား နေရတဲ့ဝမ္မသူးတိုက်နယ် ဆေးရုံကို ဧပြီ ၂၅ ရက်ညမှာ လေ ကြောင်းက နေတိုက်ခိုက်ခဲ့လို့ ဆေးရုံတက် နေတဲ့ပြည်သူတချို့ သေဆုံးခဲ့ရပါတယ်။ စစ် ကောင်စီက ကျေးလက် ကျန်းမာရေး စင်တာတွေ ၊ ဆေးရုံ ဆေးပေးခန်း တွေကို ဦးတည်တိုက်ခိုက်နေတာ ကြောင့် အခုလို အခက်အခဲတွေ ရဲ့ နောက်ဆက်တွဲ အဖြစ် မွေးရက်စေ့ တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဆေးရုံဆေးခန်းတွေကို သွားဖို့ ကြောက်ရွံ့သွားကြတယ်လို့လည်း သိရပါတယ် ။ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုတွေ ကြောင့် ဗုံးခိုကျင်းတွေမှာ ကလေးမွေးဖွားတာ၊ ဆေးပေးခန်းသွားဖို့ တောတောင် လမ်းခရီး ဝေးကွာ /ကြမ်းတမ်းတာ တွေကြောင့် လမ်းခရီးမှာ ကလေးမွေးဖွားရတာ၊ နေ အိမ် နဲ့ တောင်ယာတဲ တွေမှာ ကလေးမွေးဖွားတာ စသည်ဖြင့် ခက်ခက်ခဲခဲ ကလေးမွေးဖွားနေကြရတာပါ။ ဆေးရုံ ဆေးခန်း အလှမ်းဝေးတာနဲ့ သားဖွား/ဆရာ-ဆရာ မ ခေါ်ယူဖို့ ခက်ခဲတာတွေ ကြောင့် အိမ်ထောင်ရှင် အမျိုးသား ကိုယ်တိုင်က ကလေးမွေးဖွားပေးရတဲ့ အနေအထားတွေ လည်း ရှိနေပါတယ် ။ “ဆေးရုံဆေးခန်း တွေ ဝေးတာ၊ (သားဖွား) ဆရာ/ဆရာမ  ရှားတာနဲ့ ကျနော့် အမျိုးသမီး မွေးရက်စေ့လို့ ဗိုက်နာလာတော့ ကျနော်ကိုယ်တိုင်ပဲ ကြိုးစားပြီး ကူပေးခဲ့ရတယ်။” လို့ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် - ၁၂ မှာနေတဲ့ (အမည်မဖော်လိုတဲ့) CDM ဝန်ထမ်း တစ်ဦးက ပြောပြပါတယ် ။

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးငယ်များ သေဆုံးမှု

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ အတွင်းမှာ အမျိုးသမီး တစ်ဉီး မီးဖွားနေစဉ် သေဆုံးခဲ့ပါတယ် ။   ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး မီးဖွားဖို့ အတွက် ဆေးရုံ/ဆေးခန်း ကိုသွားရင်း လမ်းတစ်ဝက်မှာ အချင်းကွာကျ-သွေးထွက်လွန်ပြီး မိခင်ဝမ်းတွင်း သန္ဓေသား သေဆုံးမှု လည်း ဖြစ်ပွားခဲ့ပါတယ် ။ ၂၀၂၃ ဇွန်လဆန်းပိုင်းမှာ လည်း မတူပီမြို့နယ် ကနေ မင်းတပ်မြို့နယ် ထဲကို စစ်ဘေးရှောင်လာတဲ့ မိသားစုထဲက (၇) ရက်သား ကလေးငယ် တစ်ဦး သေဆုံးမှု လည်း ဖြစ်ခဲ့တာပါ။ အခုလို မိခင်နှင့် ကလေး သေဆုံးမှုတွေ မကြာခဏ ဆိုသလို ဖြစ်နေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှုကော်မတီ ရဲ့ မှတ်တမ်းတွေ နဲ့ SAVE TEAM ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့လူငယ်တွေ အကြား အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပါတယ် ။ အဲဒီနောက်မှာ လူသောင်းနဲ့ ချီတဲ့ မင်းတပ်မြို့ ဒေသခံတွေဟာ တောတောင်တွေ ကြားထဲ စစ်ဘေးတိမ်းရှောင်ရင်း အစာရေစာငတ်ပြတ်မှု ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အခက်အခဲတွေ များစွာ ရင်ဆိုင်နေကြရတာဖြစ်ပါတယ် ။ အဲဒီအခက်အခဲတွေ ကြားမှာ ကိုယ်ဝန်ဆောင် မိခင် နှင့် ကလေးငယ်သူ တွေဟာ လူမှုရေး/စီးပွားရေး/စားဝတ်နေရေး ဒဏ်တွေရဲ့ ရိုက်ခတ်မှုကို အလူးအလဲ ခံနေကြရတဲ့ အပြင် အသက်အန္တရာယ်ကို ပါ တစ်ချိန်တည်းမှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ် ။မင်းတပ်မြို့နယ် အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ နဲ့ ကလေးသူငယ် တွေ အတွက် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ သာမကဘဲ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပါ များစွာ လိုအပ်လျက်ရှိနေပါတယ်။ဆမ်ချိုမွန်းရေးသားသည်။

October 28, 2024
ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား...
October 25, 2024
ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ...
October 21, 2024
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...