မူဆယ် မြန်မာ-တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် အဝင်အထွက် တင်းကြပ်မှုရှိလာ

မူဆယ် မြန်မာ-တရုတ်နယ်စပ် ပို့ကုန်သွင်းကုန် အဝင်အထွက် တင်းကြပ်မှုရှိလာ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး တင်းကြပ်ပြီး တရုတ်ဘက်မှ တင်သွင်းကုန်များလည်း ပိတ်ဆို့ခံရမှု ရှိနေကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ဒုတိယပတ်မှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ်ရှိ တရုတ်အာဏာပိုင်များမှ မြန်မာပြည်သို့ တင်သွင်းမည့် တပိုင်တနိုင် ပစ္စည်းများကို ယခင်လို ဖြတ်သန်းခွင့် မပေးဘဲ စစ်ဆေးမှု တင်းကြပ်ကာ အချို့ကုန်ပစ္စည်းများ မြန်မာပြည်ဘက်သို့ တင်သွင်းခွင့် မပြုကြောင်း မူဆယ်မြို့နေ ကုန်သည်အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များဘက်က အွန်လိုင်းမှတဆင့် မှာယူထားသည့် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် အိုင်တီ IT ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းများကို မြန်မာပြည်ဘက်သို့ ထုတ်ယူခွင့် မပေးတော့ကြောင်း သိရသည်။

“အခုက အမြင့် ၃ ပေလောက်ပဲ တင်လို့ရတယ်။ တပိုင်တနိုင် အရင်လို ကုန်ပစ္စည်းတွေ အများကြီး တင်လို့မရဘူး။ နောက်ပြီး လျှပ်စစ်ပစ္စည်းတွေ၊ IT ပစ္စည်းတွေလည်း တရုတ်ဘက်က ဂိတ်ပေးမဖြတ်ဘူး။ အကုန်ထုတ်စစ်နေတာ”ဟု မူဆယ်ဒေသခံ ၎င်းကုန်သည်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် တပ်ဖွဲ့တို့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်းတွင် တစ်ခုတည်းသော စစ်ကောင်စီ ထိန်းချုပ်ထားနိုင်သည့် မြို့အဖြစ် ကျန်ရစ်

နေသည်။

ထို့ကြောင့် မူဆယ်မြို့ ဒေသခံများသည် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်စည်ပစ္စည်းများကိုသာ အားကိုးနေရသည့် ဒေသတစ်ခုဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခင်က တရုတ်အာဏာပိုင်များသည် မြန်မာဘက်မှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုသာ ပိတ်ဆို့ထားခဲ့ပြီး လက်ရှိတွင် တရုတ်ထုတ်ကုန်ပစ္စည်းများကိုပါ မြန်မာဘက်ခြမ်းသို့ တင်သွင်းခွင့်မရသည်မှာ အလွန်ပင် ထူးခြားနေကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ အရင်က တရုတ်ဘက်က မြန်မာပြည်ကို သွင်းတဲ့ ကုန်တွေဆို ရတယ်။ မြန်မာပြည်ကနေ တရုတ်ပြည်ထဲ သွင်းရင် စစ်ဆေးတာ၊ အခုက ဘယ်လိုမှန်းမသိဘူး။ နိုင်ငံရေးတွေကလည်း ပြောင်းလဲမှု ရှိနေတော့ ဘာဖြစ်လာမယ် မသိဘူး”ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဉီးက ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ဖော်ဆောင်ပြီးနောက် သျှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်နေသည်မှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံဘက်မှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို အားကိုးနေရသည်။

“ဒီပုံစံအတိုင်းဆိုရင် ကျမတို့ ပြည်သူတွေ ဒီထက် ပိုခက်ခဲလာနိုင်တယ်။ ဝမ်းရေးအတွက် ပိုပြီး ဆိုးရွားလာနိုင်တယ်”ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

အခြားတစ်ဘက်တွင်လည်း မူဆယ်မြို့ ပတ်ပတ်လည်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေသည့်အလျောက် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်တွင် တရုတ်အထိမခံသည့် မူဆယ်မြို့အနီး ၃ မိုင်ခန့်သာ ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...
October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...