ထန်တလန်မြို့၊ ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ တပ်တို့ တိုက်ပွဲပြင်းထန်နေ

ထန်တလန်မြို့၊ ရဲစခန်းတွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ တပ်တို့ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏ ပူးပေါင်းတပ်များ အကြား ယနေ့ (အောက်တိုဘာ ၂၂ ရက်နေ့) တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ မနက် ၃ နာရီမှ စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအထိ တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ ဒီနေ့ ထန်တလန်မှာ တိုက်ပွဲ ပြင်းထန်နေတာက ဟုတ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲက အခုထိ မပြီးသေးဘူး။ အခုထိတော့ အထိအခိုက် အခြေအနေ အသေးစိတ်က မသိရသေးပါဘူး။ အခုက ရဲစခန်းမှာ ဖြစ်နေတာပါ” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်လည်း လေးကြိမ်ခန့် တိုက်ပွဲဖြစ်ပွားနေသော နေရာကို လာရောက်ပစ်ကူ ပေးခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံး အဆောက်အအုံနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က တပ်စွဲထားဆဲဖြစ်ပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်များက မြို့ကို အလုံးစုံသိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့နယ် နှင့် ထန်တလန်မြို့နယ် ကြားတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၃ ရက်အတွင်းက ဟားခါး- ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီဘက် အထိအခိုက်များကြောင်း ဆလိုင်းထက်နီက ပြောသည်။



စစ်ကောင်စီသည် ဟားခါး- ထန်တလန်ကြားက လက်လွှတ်ခဲ့ရသော ဗျူဟာအရ အရေးပါသော စစ်စခန်းများကို ပြန်လည် သိမ်းနိုင်ရေး အောက်တိုဘာလ ၁၃ ရက်က ဟားခါးမှ စစ်ကား ၇ စီးဖြင် စစ်ကြောင်း ထိုးလာခဲ့ရာ ၁၄ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် စခန်းတချို့ကို ချင်းပူးပေါင်းတပ်ဖွဲ့မှ လက်လွှက်ထားရကြောင်း သိရသည်။

ထန်တလန်နှင့် ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် စစ်ကောင်စီသည် ဟားခါးမှ စစ်ကူများ ထောက်ပံ့ပေးနေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်မှုများ၊ ဒရုန်းများပါ အသုံးပြု၍ အပြင်းအထန် တိုက်ခိုက်နေကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ထန်တလန်နှင့် ဟားခါး- ထန်တလန်ကြားက တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...