နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

နောင်ချိုမြို့နယ် စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေ

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က  အောက်တိုဘာလ ၂၀ ရက်နေညနေပိုင်းတွင် ပြောသည်။

စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့တွင် စုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာ သဖြင့်  အောက်တိုဘာလ ၁၉ ရက် ကစပြီး နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာတဝိုက်တွင်  တိုက်ပွဲများ ပြင်းထန်နေပြီး TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ဟန့်တား တိုက်ခိုက်နေဆဲ ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ ပြင်ဦးလွင်ကနေ အုမ္မသီးဘက် သူတို့ (စစ်ကောင်စီတပ်) တက်လာတယ်။ ဒါပေမယ့် TNLA က ဟန့်ထားနိုင်တော့ သူတို့ ပြန်လန်ကျတဲ့ အနေအထေားမှာပဲ ရှိပါသေးတယ်။ မြေပြင် တိုက်ပွဲ ပြင်းထန်နေတာတော့ မှန်ပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

စစ်တပ် ဝါဒဖြန့် ချန်နယ်များတွင် နောင်ချိုမြို့နယ် ဇာလီ၊ ဂန့်ဂေါ်နှင့် အုမ္မသီးရှိ TNLA တပ်စခန်းများကို ယနေ့ သိမ်းပိုက်ရရှိကြောင်း ဖော်ပြနေမှုနှင့် ပတ်သက်၍ “အဲဒါကတော့ သတင်းမှားပါ။ TNLA ကစ်ထည့်လိုက်လို့ သူတို့ (စစ်ကောင်စီတပ်) ထိုးစစ်ကနေ ခံစစ်သေနဲ့ ပြန်ခုခံနေရတဲ့ အခြေအနေ ပြန်ရောက်နေပါပြီ” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ကို ဒေသခံ တစ်ဦးက အတည်ပြုပြီး ပြည်သူများ ပြင်ဦးလွင်ဘက်မှ နောင်ချိုဘက်သို့ တက်မလာရန် ပြောဆိုသည်။

“ တိုက်ပွဲ ပြင်းနေတယ်။ ပြင်ဦးလွင်ဘက်ကနေ နောင်ချိုဘက် တက်မလာကြပါနဲ့။ စစ်တပ်က ဝက်ဝံဂိတ် ပိတ်ထားလည်း ဝက်ဝံ ကွင်းလမ်းက အခုညနေ ပြန်ဖွင့်ထားတော့ တက်လာကြမှာ စိုးလို့ပါ။ ဆင်းတဲ့လူတွေကတော့ ဆင်းလို့ရပါတယ်။ ပြင်ဦးလွင်က လူတွေလည်း သတိရှိကြပါ” ဟု ၎င်းကပြောဆိုသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း နှစ်ဖက်တပ် ထိခိုက် ကျဆုံးမှုနှင့် တကွ မြေပြင် စစ်ရေးအခြေအနေများကို ထပ်မံ မေးမြန်း စုံစမ်းနေဆဲ ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ (အောက်တိုဘာလ ၁၉ ရက်) က နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက် ပစ်မှတ်များကို လေကြောင်းက ဗုံးနှစ်ကြိမ် ကြဲချသဖြင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...
October 15, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်...
October 15, 2024
သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့်...