ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ ပွန်ချောင်း စစ်ရှောင်စာသင်ကျောင်း ပြန်လည်တည်ဆောက်ဖို့ အကူအညီတွေလိုအပ်

ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ ပွန်ချောင်း စစ်ရှောင်စာသင်ကျောင်း ပြန်လည်တည်ဆောက်ဖို့ အကူအညီတွေလိုအပ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့် ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေ ပြန်လည်တည်ဆောက်ဖို့ အကူအညီတွေလိုအပ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ရေဘေးကြောင့် စာသင်ကျောင်းတွေပျက်စီးသွားတဲ့အတွက် လတ်တလောမှာ ယာယီတဲထိုးပြီး စာသင်ကြားနေရတာကြောင့် ကျောင်းဆောင်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်တဲ့ Clean Yangon အသင်းဝင်တစ်ဦးက အခုလိုပြောပါတယ်။

“ပွန်ချောင်းမှာ စာသင်ကျောင်းဆောက်ဖို့ဟာတော့ တကယ်လိုအပ်တယ်။ ပွန်ချောင်းမှာရှိတဲ့ စစ်ရှောင်ကော်မတီတွေနဲ့ ဆွေးနွေးပြီး သူတို့ တင်ပြလာတာရှိတာပေါ့နော်။ ရေကြီးတုန်းက ပျက်သွားတဲ့ကျောင်းတွေက သူတို့ ယာယီတဲတွေထိုးပြီး စာသင်ကြတာရှိတာပေါ့နော်။ ကျနော်တို့အနေနဲ့ အမှတ်(၆) စခန်းအခြေအနေပဲ သိရသေးတာပေါ့။ အဲ့ဒါ ပြန်ဆောက်ဖို့ လိုနေတာပေါ့” လို့ Clean Yangon အသင်းဝင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ ရေဘေးသင့် စစ်ဘေးရှောင်တွေရဲ့ ပြန်လည်ထူထောင်ရေးအတွက် နေအိမ်ပြန်လည်တည်ဆောက်ဖို့ ဦးစွာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင် ဆောက်လုပ်ဖို့ ပြန်လည်ထူထောင်ရေးအစီအစဉ်မှာ ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျောင်းအဆောက်အဦးတော့ တော်တော်ပျက်စီးသွားပါတယ်။ ၄ ၊၅၊ ၆ဆောင်လောက် ပျက်စီးသွားတာရှိတာပေါ့နော် ။ ဒီဟာလည်း ပြန်လည်ထူထောင်ရေးထဲမှာ ပါပြီးသားဖြစ်တာပေါ့”လို့ ဦးဗညားက ဆိုပါတယ်။

ပွန်ချောင်းအနီးအနားမှာရှိတဲ့ စစ်ရှောင်စခန်း အမှတ်(၁) ကနေ (၇) အထိ စခန်းတစ်ခုစီရဲ့ စာသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ကျောင်းအများစု ရေလွမ်းမိုးပြီး ပျက်စီးခဲ့ရပါတယ်။

နေအိမ်တဲ မရှိတော့တဲ့ ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာက ဆွေမျိုး၊ အသိမိတ်ဆွေတွေနဲ့ သွားရောက်နေထိုင်ကြသလို ယာယီတဲထိုးပြီး စုပေါင်းနေထိုင်ကြပါတယ်။ လက်ရှိမှာတော့ စာသင်ကျောင်းဆောင်အပြင် နေအိမ်တည်ဆောက်ဖို့ အမိုးအကာ နဲ့ ဝါး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ကျောင်းကတော့ ရေကြောင့် ပျက်တာကတော့ စခန်း ၆ နဲ့၇ ကတော့ လုံးဝပျက်သွားတယ်။ အဲ့ကျောင်းတွေတော့ ဘယ်လိုဖြစ်ဖြစ် ပြန်ဆောက်ဖို့ လိုမယ့်ဟာပေါ့‌နော်။ ကျောင်းဆောင်ကတော့လိုတာပေ့ါ ကျောင်းဆောင်မှမဟုတ်ဘူး နေအိမ်ဆောက်ဖို့လည်း လိုတယ်။ အဓိက ဝါးနဲ့ အမိုးအကာတွေလိုမှာပေါ့။ ဝါးကရှားတယ်လေ အခုက လိုအပ်တဲ့ ဝါးပုံစံနဲ့ ရှိတဲ့ဝါးက အဆင်မပြေဘူးပေါ့နော်။ လိုအပ်တဲ့ဝါးပုံစံမရရှိနေဘူး။ အဆောက်အဦးအတွက်က ဝါးကြီးတွေလိုတာပေါ့။ အခုက ဝါးက အသေးတွေပဲရှိတော့လေ” လို့ သူက ပြောပါတယ်။

စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ပျက်စီးသွားတဲ့ အိမ်ခြေ (၁၉၅၆) လုံး ရေနစ်မြှုပ်ပျက်စီးသွားတာကြောင့် အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ IEC က ပြောဆိုထားပါတယ်။

ပွန်ချောင်းစစ်ရှောင်စခန်းမှာ စစ်ရှောင်အမှတ် (၇) ခုရှိပြီး အိမ်ခြေ ( ၆၉၇) စုရှိကာ ကျောင်းသားဦးရေ စုစုပေါင်း (၆၇၀) ဝန်းကျင် ရှိပါတယ်။

October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...
October 16, 2024
လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး...
October 15, 2024
မူဖိလစ်စတာ — တောင်သူဦးကြီးတွေရဲ့စပါးနဲ့ သီးနှံစိုက်ခင်းတွေကို ရာဂီ မုန်တိုင်းအရှိန်နဲ့...
October 14, 2024
ကရင်နီပြည် ဆိုမိုဖေစိုးလေး မြို့နယ်(ရှားတောမြို့နယ်)မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက...