စစ်ကိုင်းတိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့

စစ်ကိုင်းတိုင်းမှာ မြို့ပေါ်ရပ်ကွက်တွေမှာသာ သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုတွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၆ )က ပြီးစီးသွားပြီဖြစ်ပေမယ့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ  ဟုမ္မလင်းမြို့နယ်အပါအဝင်  မြို့နယ်အများစုဟာ မြို့ပေါ်ရပ်ကွက်တချို့မှာသာ ကောက်ယူနိုင်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေမှသာ ကောက်ယူဖို့ အဓိက ညွှန်ကြားထားတာဖြစ်ပြီးလုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေကိုတော့ ကောက်ယူဖို့ အုပ်ချုပ်ရေးတွေဆီကို ညွှန်ကြားမှုမျိုးမရှိဘူးလို့သိရပါတယ်။

“ ကျန်တဲ့အပိုင်းတွေတော့မသိတတ်ဘူးပေါ့လေ ကျနော်တို့ဒီဘက်အပိုင်းကြတော့ ညွှန်ကြားလာတာမရှိသေးတော့ မကောက်ကြသေးတာ” လို့ ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်တွေက နေအိမ်တွေ  ၊ စာသင်တိုက်တွေ နဲ့  စစ်ဘေးရှောင်စခန်းတွေမှာသာ ကောက်ယူခဲ့ပြီး မြို့ပြင်နဲ့ မြို့အနီးက ကျေးရွာတွေကို ကောက်ယူခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

“ နမ့်တောတွေ နောင်ပိုအောင်တွေမကောက်ဘူးတဲ့ အခုကအဖြစ်လောက်ပဲနေမှာပါ ကောက်တာကလည်း ၊  ကောက်တာက ဟန်ပြပဲနေမှာပါ့၊ နမ့်တောတို့ နောင်ပိုအောင်တို့ ဥရုချောင်းရိုးတစ်လျှောက် မကောက်ဘူးကွာ ဗျူဟာလမ်းရိုးတစ်လျှောက် မကောက်ဘူးကွာ အများကြီးနစ်နာတယ်ပါ့ တကယ်တမ်းကြရင်တော့ လူမျိုးအနေနဲ့တွက်ရင်တော့အဲ့လို့မျိုးမြင်တာပါ့” လို့ ဟုမ္မလင်းမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျေးလက်ဒေသတွေမှာ သန်းခေါင်စာရင်းကောက်ယူမှုမရှိတာဟာ လုံခြုံရေးအခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လို့ စာရင်းကောက်သူတွေက ဆိုပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း မကောက်လိုက်နိုင်တဲ့ ဒေသတွေကိုတော့ ရက်ထပ်တိုးပြီးကောက်ခံသွားဖို့အစီအစဉ်တစ်ရပ်လည်းရှိနေပြီး အဲ့ဒီထပ်တိုးရက်တွေမှာ ကျေးလက်ဒေသတွေကို ကောက်ယူမယ်လို့ အုပ်ချုပ်ရေးဌာနနဲ့ နီးစပ်သူတွေကပြောဆိုပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်း ၊ ဖောင်းပြင် ၊ ဗန်းမောက် ၊ ကသာ စတဲ့မြို့တွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေမှာ ကောက်ယူနိုင်ခဲ့ပေမယ့် အင်းတော် ၊ ပင်လည်ဘူး၊ ကောလင်း  မြို့တွေမှာတော့ ကောက်ယူနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုတွေထဲမှာ   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၇ မြို့နယ်မှာ  လူအင်အား (၁၀၂၆) ဦးနဲ့  ကောက်ယူမှုတွေကိုပြုလုပ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Most read this week

October 15, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့်...
October 10, 2024
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ...
October 9, 2024
ကချင်ပြည်နယ်အတွင်းက  ပဋိပက္ခဖြစ်ပွားခြင်းနည်းပါးပြီး...
October 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာမြို့အနီး  ပြည်သာယာကျေးရွာမှာ...