ပိုင်ကျုံ၊ ပေါင်ကျေးနယ်ရှိ ကျောက်လုပ်ကွက်ကို ပိတ်သိမ်းသွားမည်

ပိုင်ကျုံ၊ ပေါင်ကျေးနယ်ရှိ ကျောက်လုပ်ကွက်ကို ပိတ်သိမ်းသွားမည်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ် ကျောက်ထုတ်လုပ်မှုအနီးရှိနေသည့် ဒေသခံပိုင်လယ်မြေများသို့ လွှင့်စင်ကျလာသော ကျောက်စများကို ရှင်းလင်းပေးပြီးနောက် အဆိုပါကျောက်လုပ်ကွက်ကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူထံမှ သိရသည်။

BGF တပ်ရင်းဗိုလ်မှူးတစ်ဦး ပါဝင်ပတ်သက်သော အဆိုပါကျောက်လုပ်ကွက်ကြောင့် ပေါင်အပါအဝင် တောစွန်းနှင့် ပိတခကျေးရွာမှ ဒေသခံပိုင်လယ်မြေများ ကျောက်စလွှင့်စင်ပျက်စီးခြင်း၊ လယ်လုပ်ငန်းခွင် ထိခိုက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများရှိလာသောကြောင့် လုပ်ကွက် ရုပ်သိမ်းပေးရန် ဒေသခံတို့က ခရိုင်အထိ ကန့်ကွက်စာတင် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့နောက်တွင် ကေအဲန်ယူ၏မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ အောက်တိုဘာလ(၁၅)ရက်နေ့က ပေါင်ကျေးနယ်အတွင်း အစည်းအဝေးပြုလုပ်၍ ကျောက်ထုတ်လုပ်မှုပိတ်သိမ်းရန် ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြခြင်းဖြစ်သည်ဟု ကေအဲန်ယူ၏ ပိုင်ကျုံမြို့နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒေသခံတွေအလုပ်လုပ်တဲ့အချိန်မှာ ကျောက်တောင်လုပ်တဲ့လူတွေကနား၊ ဒေသခံတွေနားတဲ့အချိန်မှာ ကျောက် တောင်ပြန်လုပ်၊ အဲ့လိုသတ်မှတ်ထားပေးတယ်။ ဒါကလည်း အကြာကြီးမဟုတ်ဘူး။ အခုက လုပ်လက် စတွေရှိ နေတဲ့အပြင် တချို့ကျောက်တုံးအစတွေက လယ်မြေမှာကျတာရှိတော့ ဒါတွေကိုပြန်ကောက်ပြီး ချေဖို့၊ ပြန်ရှင်းလင်းဖို့ဖြစ်တယ်။ ရှင်းပေးပြီးသွားပြီဆိုရင်တော့ ဆက်လုပ်ဖို့ရှိမှာမဟုတ်တော့ပါဘူး။” ဟု ၎င်းမြို့နယ်တာဝန်ရှိသူက ပြောသည်။

ကျောက်ထုတ်လုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် လယ်မြေများအတွက် လယ်ပိုင်ဒေသခံများအား သက်ဆိုင်ရာကုမ္ပဏီဘက်မှ လျော်ကြေးပေးရန်ပြောဆိုခဲ့သော်လည်း ဒေသခံတို့က လက်မခံဘဲ ကျောက်စရှင်းလင်းပေးရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် သတင်းအရင်းအမြစ်မှ သိရသည်။

ထို့အပြင် အဆိုပါ ကျောက်လုပ်ကွက်၏ နောက်ဆက်တွဲပြဿနာမှာ ကျောက်ထုတ်အလုပ်သမားတို့က ဒေသခံပိုင်မြေများအတွင်း ကျူးကျော်နေထိုင်ခြင်း၊ ပစ္စည်းခိုးယူခြင်းတို့အပြင် ကျောက်အစအနများကြောင့် အရေပြားနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားခြင်းရှိနေသည်ဟုလည်း ဒေသခံတို့က ပြောဆိုကြသည်။

ပိုင်ကျုံဒေသခံအမျိုးသားတစ်ဦးက “ကျောက်မိုင်းရဲ့နောက်ဆက်တွဲပေါ့သူ့အနီးအနားရွာတွေက အသက်ရှူလမ်းကြောင်း ကျန်းမာရေးထိခိုက်နေတာ။ နောက်အရေပြားရောဂါရော။ အဲဒီနားမှာဆေးခန်းရှိတယ် ။ လာပြသူ ၅၀ ရာခိုင်နှုန်းက အရေပြားယားယံလို့လာပြကြတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပြောဆိုမှုနှင့်ပတ်သက်၍ ကျောက်လုပ်ကွက်မှ ကျောက်အစအနများ အနီးရှိ ရေတွင်း၊ ရေအိုင်များအတွင်း ကျရောက်ရာမှ ဒေသခံတချို့ သုံးစွဲမိသဖြင့် အရေပြားရောဂါဖြစ်ပွားရသည်တို့ ရှိသော်လည်း အသက်သေ ဆုံးသည်အထိ မဟုတ်သလို လူနည်းစုသာ ဖြစ်ပွားကြခြင်းဖြစ်သည်ဟု ဖော်ပြပါမြို့နယ်တာဝန်ရှိသူက ဖြည့်စွက်ပြောပြသည်။

ထို့အပြင် သက်ဆိုင်ရာ ကုမ္ပဏီဘက်မှလည်း ဒေသခံပိုင်လယ်မြေအတွင်း ကျူးကျော်ဝင်ရောက်နေသည့် အလုပ်သမား (သို့မဟုတ်) ကျူးကျော်နေထိုင်သူများအား အလုပ်သမားစာရင်းနှင့်တကွ စိစစ်အရေးယူမည်ဖြစ်သည်ဟု အစည်းအဝေးတွင် ပြောကြားချက်အရ သိရသည်။

ယမန်နေ့က ပေါင်ကျေးနယ်အတွင်း ပြုလုပ်သည့် အစည်းအဝေးသို့ မြို့နယ်မှူးနှင့်တာဝန်ရှိသူများအပါအဝင် ဒေသခံများ၊ ခရိုင်တာဝန်ရှိသူများ၊ BGF တပ်ဖွဲ့ဝင်အချို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၇) တပ်ရင်း(၁၉) တပ်ရင်းမှူးနှင့် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)မှ တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ကြသည်။

Most read this week

October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...
October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...