ဒုက္ခရောက်နေသော ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ကူညီမှုသာ ထိရောက်မည်

ဒုက္ခရောက်နေသော ပြည်သူများအတွက် နယ်စပ်ဖြတ်ကျော်ကူညီမှုသာ ထိရောက်မည်

စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးကပဲ အထိရောက်ဆုံး ဖြစ်လိမ့်မည်ဟု အရပ်ဖက် အဖွဲ့အစည်းများက ပြော သည်။

စစ်ကောင်စီကနေ တစ်ဆင့်သွားနေသည့် နိုင်ငံတကာ၏ ထောက်ပံ့ကူညီပေးမှုများက အမှန်တစ်ကယ် အကူ အညီ လိုအပ်နေသော ပြည်သူများထံ ရောက်ရှိမှုအားနည်းနေသည့်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီ ပေး ခြင်းကသာ အထိရောက်ဆုံးဖြစ်သည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “ဒီစစ်ဘေးစစ်ဒဏ် သင့်မှုအပေါ်မှာ ထပ် လောင်း ပြီးတော့မှ သဘာဝ ဘေးအန္တရာယ်ကိုလည်းပဲ ရင်ဆိုင်ကြုံတွေ့နေရတယ်။ တစ်ဒုက္ခကနေ နှစ်ဒုက္ခ ပေါ့နော် ထပ်လောင်းဒုက္ခ အကြပ်အတည်းပေါင်း များစွာနဲ့ရင်ဆိုင် ကြုံတွေ့နေရတဲ့ အရပ်သား ပြည်သူ လူထုတွေဟာ ဆိုရင်တော့ သက်ဆိုင်ရာ ပါဝင်လုပ်ဆောင်သူ အသီးသီး ကူညီပံ့ပိုးပေးခြင်း မရှိဘဲနဲ့တော့ ဘယ် လိုမှ ရှင်သန်နေထိုင်လို့ မရဘူးပေါ့နော်။ သူတို့ကလည်း ဒီ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုပဲ အဓိက ထား ပြီးတော့ မှီခိုပြီးတော့မှ ရှင်သန်နေထိုင်နေရတဲ့ အခြေအနေမျိုး ရှိနေတယ်” ဟု ပြောသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများမှာ ယာဂီမုန်တိုင်းအဖျားခတ်မှုကြောင့် ရေဘေး နှင့်ပါထပ်မံ ကြုံတွေ့ခဲ့ကြရပြီး လူပေါင်းသိန်းနှင့်ချီ အရေးပေါ် အကူအညီများ လိုအပ်နေကြသည်။

အထူးသဖြင့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်မှုအားကောင်းသည့် ဒေသများမှာ နိုင်ငံတကာ အလှူရှင်များကို အဓိကထား မှီခိုနေရသည့် အခြေအနေမျိုး ဖြစ်သည်ဟု စောနန္ဒဆူးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက တစ်ဆင့် ဆောင်ရွက်မည်ဆိုပါက အမှန်တကယ် အကူအညီလိုအပ်နေသော ပြည်သူ များထံ မရောက်ဘဲ အဆိုပါ အကူအညီများကို စစ်တပ်က လက်နက်သဖွယ်ပြန်လည် အသုံးချနေသည်ဟု စောနန္ဒဆူးက ဆက် ပြောသည်။

“နိုင်ငံတကာရဲ့ လုပ်ထုံးလုပ်နည်း အရတော့ ဒီပုံမှန်အားဖြင့်လည်း G to G ပဲ သွားနေတဲ့ အခန်းကဏ္ဍမှာ များ တယ်။ ဒါပေမယ့် လက်ရှိ ကျနော်တို့ နိုင်ငံရေး အခြေအနေအရ ဆိုရင်တော့ အဲ့လိုမျိုးသွားရင်တော့ အကူအညီ လိုအပ်တဲ့ ပြည်သူတွေဆီကိုတော့ ဒီအကူအညီတွေက ရောက်ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အမြဲတမ်း ကျနော်တို့ ထောက်ပြလေ့ရှိတဲ့ အရာတစ်ခုက ဒီလူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းနဲ့ လူ့အခွင့် အရေး အကြပ်အတည်း ဖြစ်စေတဲ့ အခြေခံ အကြောင်းတရားက စစ်ကောင်စီ ဖြစ်တယ်ပေါ့နော်။ ပြီးရင် ဒီအကြပ်အတည်းတွေကို သူတို့က လက်နက်သဖွယ် အသုံးပြုတယ်။ ဒီအကြပ်အတည်းတွေ ပိုဖြစ် ပေါ်လာလေလေ သူတို့အတွက် အခွင့်အရေးတွေ ပိုရလာလေလေ ဒီအကြပ်အတည်းတွေကို အသုံးချဖို့ အတွက် ပေါ့။”

ထို့အပြင် ကရင်နီပြည်၌လည်း ဒေသတွင်းရှိ ကူညီ ဆောင်ရွက်ပေးနေသူများနှင့် ချိတ်ဆက်ဆောင်ရွက်မှသာ ထိရောက်မှုများ ရှိလိမ့်မည်ဟု ကရင်နီနဲ့ ရှမ်း-ကရင်နီ အစပ်က ရေဘေးသင့် ပြည်သူများကို ကူညီဆောင်ရွက် ပေးနေသည့် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲက ပြောသည်။

“သေချာတဲ့တစ်ခုက တစ်ကယ်လို့သာ WFP ကနေပြီးတော့မှ ဒီနယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ပေးမယ်ဆိုရင် ဒေသထဲမှာရှိတဲ့ ကူညီတဲ့သူတွေ ကိုယ်တိုင်ဆီကို သူတို့ပေးမယ်ဆိုရင်တော့ ဒါကသေချာတယ် သူတို့ လှူသလောက် ရောက်မယ်ပေါ့လေ၊ တစ်ကယ်လို့သာ မဟုတ်ဘဲနဲ့ စစ်ကောင်စီ စစ်အုပ်စုဘက်ကနေပဲ ဖြတ်မယ်ဆိုရင် ရောက်တာနည်းမယ် နောက်တစ်ခုက ရောက်ရော ရောက်ပါ့မလားပေါ့။”

ရှမ်းပြည်နယ် တောင်ပိုင်းမှ ကရင်နီပြည်ထဲကို ဝင်ရောက်လာသည့် ကုန်စည်များအပြင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို ရှမ်း-ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO တို့က ဟန့်တား ပိတ်ပင်မှုများ၊ ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီကို ပေးအပ်ထားသည့် နိုင်ငံတကာက အကူအညီများမှာ ကရင်နီပြည်အတွက် မရရှိသည့် အပြင် ရေကြီးမှုကို အခွင့်ကောင်းယူပြီး စစ်တပ်က စစ်ကြောင်းထိုးမှုများ လုပ်လာနေ၍ ကူညီကယ်ဆယ်ရေး လုပ်ချိန် အခက်အခဲ ဖြစ်စေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။

“စစ်ကောင်စီတွေက အခုချိန်ထိ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ ကို ပံ့ပိုးပေးထားတာတွေ လုံးဝ လုံးဝ မရှိပါ ဘူး၊ ဒီလိုပံ့ပိုးမှု မရှိတဲ့အပြင် စစ်ကောင်စီဘက်က ဒီရေလွမ်းမိုးတဲ့ ဒေသတွေဘက်ကို စစ်ကြောင်းတွေ ရေပို လွမ်းမိုးနေတဲ့အတွက် ကုန်းဘက်ကနေသွားလို့ရတဲ့ နေရာ နည်းနည်းလေးကနေမှ စစ်ကောင်စီက ကုန်းလမ်း ကနေ စစ်ကြောင်းထိုးနေတာတွေ လက်နက်ကြီးတွေ ပစ်နေတာတွေ ဖြစ်နေပါတယ်။”

အရေးပေါ် အကူအညီများ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံက တစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပေးနိုင်ရေး ကူညီပေးကြရန် ခွန်းဘီထူးက တိုက်တွန်းပြောဆိုထားသည်။

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကရင်နှင့် ကရင်နီပြည်ထဲက အကူအညီ လိုအပ်နေသော ပြည်သူများအတွက် နယ်စပ် ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းများအတွက် တင်းကြပ်မှုများ ဖြေလျှော့ပေးရန်လည်း ထိုင်း အာဏာပိုင်များကို အစဉ်တစ်စိုက် တောင်းဆိုနေသည်ဟု စောနန္ဒဆူးက ပြောသည်။

ယာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံထဲ့ မြို့နယ်ပေါင်း ၇၀ ခန့်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့အထိ ရေဘေးသင့် ပြည်သူ တစ်သန်းခန့် ရှိသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

Most read this week

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...