မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်းတစ်ရင်းလုံး မွန်ပြည်သစ် AD နဲ့ ပူးပေါင်း

မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်းတစ်ရင်းလုံး မွန်ပြည်သစ် AD နဲ့ ပူးပေါင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊ တပ်ရင်း ၅ တစ်ရင်းလုံး မိမိတို့နဲ့ ပူပေါင်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရသူက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

အောက်တိုဘာ ၆ ရက်နေ့က တပ်ရင်း ၅ ရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်ဗွတ်မွန်ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာအဖွဲ့ဝင်တွေနဲ့အတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMS P AD ထံ လာ ရောက်ပူးပေါင်းခဲ့တာပါ။

ဒါပေမယ့် ပူးပေါင်းတဲ့တပ်ရင်းတစ်ရင်းလုံးရဲ့ အင်အားကို မွန်ပြည်သစ်ပါတီ AD ဘက်က ထုတ်ပြောခြင်းမရှိခဲ့သလို မိခင်ပါတီဗဟိုဌာနချုပ်ကနေလည်း လောလောဆယ်အထိ တစ်စုံတစ်ရာ ထုတ်ပြောတာတွေ မရှိသေးပါဘူး။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက တပ်ရင်း ၅ က မွန်ပြည်သစ်ပါတီ AD နဲ့ ပူးပေါင်းလာတဲ့အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်သစ်ပါတီတပ်ရင်း ၅ က AD နဲ့ ပူးပေါင်းလာတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက် ဝမ်းသာကြိုဆိုတယ်။ နယ်မြေဒေသအရလည်း အရင်ကအခက်အခဲလေးတွေ တော်လှန်ရေးနယ် မြေဆိုတဲ့ အမည်နာမရဲ့ အောက်ကနေပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားရခက်ခဲလာတဲ့အပေါ်မှာ ပိုပြီးတော့အဆင်ပြေလွယ်ကူ ချောမွေ့လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူဒေသမှာ အခြေစိုက်တဲ့ တပ်ရင်း ၅ ဟာ ထိုင်း-မြန်မာနယ်စပ် အနီးတဝိုက်ရှိ ဂျပန်ရေတွင်း၊ ဗလဲ့ဒွန်းဖိုက်၊ ဟလော့ဟနီနဲ့ တားဒိန်စခန်းတို့ကို ထိန်းချုပ်ထားတာပါ။

ဒါကြောင့် အဲဒီတပ်ရင်းအောက်မှာရှိတဲ့ စခန်းတွေ စီးပွားရေးရုံးအပါအဝင် ဌာနဆိုင်ရာတွေ အား လုံးကလည်း မွန်ပြည်သစ်ပါတီ AD ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားတယ်ဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပြန်ပါတယ်။

တပ်ရင်း ၅ ကိစ္စနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးထံ မေးမြန်းဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာ တပည့်ဖြစ်သူက အ စည်းအဝေးတက်နေတယ်လို့ အကြောင်းပြန်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက တပ်ရင်း ၅ ပူးပေါင်းမှုဟာ ကုန်သွယ်‌ရေး အကောက်အခွန်တွေနဲ့ အခြားဝင်ငွေတွေလည်း မွန်ပြည်သစ် AD ဆီ ဝင်လာမှာမို့ မျှော်မှန်းထားတဲ့အတွက် တော်လှန်ရေးမှာ အကျိုးဖြစ်မယ်လို့ သုံးသပ်ပါတယ်။

“အမှတ် ၅ တပ်ရင်း ထွက်လာတဲ့အအတွက် ထိုင်းနယ်စပ် ကုန်သွယ်ရောင်းဝယ်မှု အကောက်အခွန်တွေ အခြားဝင်ငွေတွေအတွက် မိခင်မွန်ပြည်သစ်ပါတီဗဟိုကို တိုက်ရိုက်မဝင်ပေမယ့် မွန်ပြည်သစ်ပါတီ AD ဆီကို ဝင်လာမှာမို့ မွန်ပြည်သစ်ပါတီ မျှော်မှန်းထားတဲ့ တော်လှန်ရေးတစ်ခုလုံးအတွက် အကျိုးဖြစ်မှာမို့ မွန်ပြည်သစ်ပါတီအတွက် ဆုံးရှုံးမှုတွေ နစ်နာမှုတွေရှိလိမ့်မယ်မထင်ဘူး”လို့ ပြောပါတယ်။

မွန်ပြည်သစ်ပါတီ AD ဟာ ဗဟိုကနေ ခွဲထွက်တဲ့ အတိအလင်းကြေညာချက်တွေ မရှိပေမယ့် မတူကွဲပြားတဲ့ အမြင်သဘောထား ရပ်တည်ချက်တွေ လုပ်ငန်းစဉ်တွေမှာ သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်နိုင်ဖို့ ထွက်လာတာလို့ သူကထောက်ပြပါတယ်။

အခုနှစ် ဖေဖော်ဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ AD ရဲ့ ကြေညာချက်မှာတော့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ Bilateral Ceasefire Agreement နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံသွားဖို့ ဆုံးဖြတ်ခဲ့တာကို မိမိတို့ လုံးဝ လက်မခံနိုင်ဘူးလို့ ထုတ်ပြောထားတာပါ။

ဒါကြောင့် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ ရဲဘော်တွေဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီဗဟိုဘက်ကတော့ ၁၁ ကြိမ်မြောက် ပါတီညီလာခံ ဆုံးဖြတ်ချက်ကို လက်မခံတဲ့ အင်အားစုက အုပ်စုဖွဲ့ကာပါတီကနေ ခွဲထွက်ရေးလုပ်ရပ်ကို လျှို့ဝှက်လုပ်ဆောင်လာခဲ့ပြီး မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ကို ဖွဲ့စည်းခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ မင်းသံလွင်က မွန်ပြည်သစ်ပါတီဗဟိုရဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးရေးလမ်းစဉ်ဟာ မွန်ပြည် တော်လှန်ရေးရေချိန်နဲ့ မကိုက်ညီတော့ဘူးဆိုတာ တပ်ရင်း ၅ တစ်ခုလုံးက NMSP AD နဲ့ ပူးပေါင်းလိုက်တာ သက်သေပဲလို့ ပြောပါတယ်။

“မွန်ပြည်သစ်ပါတီ ဗဟိုရဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးရေးလမ်းစဉ်ဟာ လက်ရှိ မွန်ပြည်ရဲ့ လက်နက် ကိုင်တော်လှန်ရေးရေချိန်နဲ့ မကိုက်ညီတော့ဘူးဆိုတာကို ဒီတပ်ရင်း ၅ တစ်ခုလုံးက NMSP AD နဲ့ လာရောက်ပူးပေါင်းလိုက်တာက သက်သေပါပဲ။ ဒါကြောင့် မွန်လက်နက်ကိုင်တော်လှန်ရေးက ပိုပြီးတော့ အားကောင်းလာနိုင်ပါတယ်။ မွန်ပြည်သစ်ပါတီ ဗဟိုရဲ့ လက်အောက်က အခြားတပ်ရင်းတွေလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့ တွေနဲ့ အခုလိုမျိုး လာရောက်ပူးပေါင်းတာမျိုးတွေ တွေ့မြင်လာရနိုင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီဟာ ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေးစာချုပ် ရေးထိုးထားသလို ၂၀၁၈ ခုနှစ်မှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာလည်း လက်မှတ်ရေးထိုးထားတဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။

မွန်ပြည်သစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်MNLA တည်ရှိပြီး ခန့်မှန်းအင်အား ၈၀၀ အထက်နဲ့ အရံအင်အား ၂၀၀၀ ရှိနိုင်မယ်လို့ သုတေသနအဖွဲ့အ စည်းဖြစ်တဲ့ ISP Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA ရဲ့ ဦးဆောင်မှုအောက်မှာ မော်လမြိုင်ခရိုင် တပ်ရင်း ၁ ၊ ထားဝယ်ခရိုင် တပ်ရင်း ၂ ၊ သထုံခရိုင် တပ်ရင်း ၄ ၊ ဘုရားသုံးဆူဒေသ တပ်ရင်း ၅ နဲ့ ရေးချောင်းဖျားဒေသတပ်ရင်း ၇ တို့ ရှိနေတာပါ။

ဒါပေမယ့် မော်လမြိုင်ခရိုင် တပ်ရင်း ၁ အောက်ရှိ တောင်ပေါက်စစ်ရေးခွင်အောက်ကနေ တပ်ရင်းတွေဟာ မွန်ပြည်သစ်ပါတီ AD အဖြစ် ခွဲထွက်ပြီး ပြန်လည်ဖွဲ့စည်းထားသလို လက်ရှိ တပ်ရင်း ၅ ကလည်း AD နဲ့ ပူးပေါင်းလိုက်တဲ့အတွက် တပ်ရင်းသုံးခုသာ ကျန်ရှိတော့တာပါ။

တစ်ဘက်မှာ မွန်တော်လှန်ရေးအဖွဲ့တွေက မဟာမိတ်တွေနဲ့အတူ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ လပိုင်းအတွင်း ထုတ်ပြောပြီးနောက်ပိုင်း တပ်ရင်း ၅ တစ်ရင်းလုံး မွန်ပြည်သစ်ပါတီ AD နဲ့ လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

တပ်ရင်း ၅ ရဲ့ ပူးပေါင်းမှုကြောင့် မွန်လက်နက်ကိုင်တပ်တွေ အားလုံး ဗျူဟာမြောက်ပေါင်းစည်းပြီး အင်အားတောင့်တင်းတဲ့ မွန်လက်နက်ကိုင်တပ်ပေါင်းစုဖြစ်ရေးမှာ အများအကြီး အထောက်အကူဖြစ်လာမယ်လို့ ဒေါက်တာသီရိမွန်ချမ်းက မှတ်ချက်ပြုပါတယ်။

Most read this week

October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...
October 8, 2024
အာဏာသိမ်းစစ်ကောင်စီရဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ...
October 7, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သက်ဆိုင်ရာရပ်ကွက်...
October 4, 2024
သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက...