မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းမှု အားကောင်းလာ

မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းမှု အားကောင်းလာ

မွန်ပြည်သူလူထုတို့ လိုလားနေသည့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောက်ရွက်ရေးသည် အားကောင်းလာနေသည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့ထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ထက်မနည်း ပေါ်ပေါက်လာခဲ့သည်။

လက်ရှိတွင် အင်အားကြီး မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် NMSP-AD၊ MSRF၊ MSDF နှင့် MLA တို့က စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက “အဓိကက မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါ့။ NMSP-AD ရယ်၊ MSDF၊ MSRF နဲ့ MLA ပေါ့နော်။ MSFC ရဲ့ ဦးဆောင်မှုနဲ့ ဒီ ၄ ဖွဲ့စလုံးကို နိုင်ငံရေးအရ ပူးပေါင်းမှုတွေတော့ မဆွေးနွေးရသေးဘူး။ ဒါပေမဲ့ သူတို့တပ်တစ်ခုနဲ့တစ်ခုကြား အချင်းချင်းတော့ ဆွေးနွေးနေကြတာ ရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ပူးပေါင်းနိုင်မှုက ၈၀ ရာခိုင်နှုန်းလောက် ရှိလာပါပြီ။ သူတို့တပ်နဲ့သူတို့က အရင်တိုင်းပဲ သူနေရာနဲ့သူ ဆက်နေသွားကြမယ်။ လောလောဆယ် စစ်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းနေတာ ရှိတယ်။ သင်တန်း အတူတူ တက်ရောက်နေတာ ရှိမယ်။ သတင်းအချက်အလက် ဖလှယ်ကြတာ ရှိတယ်။ ဒါပေမဲ့ တပ်တွေအကုန်လုံးကို ဖျက်သိမ်းပြီး တပ်ပေါင်းစုအသွင် လုပ်ဖို့က အချိန်ယူရအုံးမယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်တော်လှန်ရေးအဖွဲ့များသည် တဖွဲ့ချင်းစီ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စစ်ကောင်စီကို ဆန့်ကျင်တော်လှန် တိုက်ခိုက်လာခဲ့ကြရာမှ ၂၀၂၄ ခုနှစ်အတွင်း မွန်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းမှု စတင်လာခဲ့သည်။

တဘက်တွင်လည်း မွန်ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစုတစည်းတည်းဖြစ်ရန် လိုလားနေကြသည်။

မွန်တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရာမှ မကြာခင်အချိန်အတွင်း တပ်ပေါင်းစုအသွင် ဖြစ်လာနိုင်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF တာဝန်ရှိသူက ပြောသည်။

“စစ်မြေပြင်မှာတော့ ပူးပေါင်းမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ မွန်လက်နက်ကိုင်တွေအားလုံး ပူးပေါင်းနိုင်မှုက ၇၀/၈၀ လောက် ရောက်နေပါပြီ။ ဒီထက်ပူးပေါင်းနိုင်ဖို့ကလည်း အကုန်လုံးက ကြိုးစားနေကြပါတယ်။ မကြာခင်အချိန်မှာဆို တပ်ပေါင်းစုတစ်ခု ဖြစ်လာနိုင်မယ်ထင်တယ်။ MLA နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ခဲ့ပါတယ်။ သူတို့က အချိန်နည်းနည်းယူရမယ်။ မွန်လက်နက်ကိုင်အားလုံးနဲ့တော့ ပူးပေါင်းနိုင်ပါပြီ။ MLA က ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့အသစ် ဖြစ်တဲ့အတွက် အချိန်ယူရတာကို နားလည်ပါတယ်” ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်မှူး Dragon က ပြောသည်။

မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ကလည်း ပန်းတိုင်တူ မွန်တော်လှန်ရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို ဖြုတ်ချကာ မွန်ပြည် ပေါ်ပေါက်လာသည်ထိ တိုက်ပွဲဝင်သွားမည်ဟု ပြောသည်။

“MLA နဲ့ အခြားမွန်တော်လှန်တပ်ဖွဲ့တွေနဲ့ ကွဲနေတာ မဟုတ်ပါဘူး။ ကျနော်တို့အားလုံးက ပန်းတိုင်တစ်ခုတည်းပဲ။ ချဉ်းကပ်တဲ့လမ်းတွေ မတူတဲ့ဟာကို ညှိနှိုင်းပြီး ကျနော်တို့ ပူးပေါင်းပြီး ဆောင်ရွက်လာနေတယ်။ လုပ်ငန်းစဉ်တွေကို ကျနော်တို့ တစ်စိုက်မတ်မတ်နဲ့ အကောင်အထည်ဖော်နေကြတယ်။ ညီညီညွတ်ညွတ်လည်း ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်လာနေကြတယ်” ဟု မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA မှ ဒု-စစ်ဦးစီးမှူး မင်းမာဃက ပြောသည်။

မွန်တော်လှန်ရေးတပ်ဖွဲ့များသည် မွန်ပြည်နယ်မှာသာမက တနင်္သာရီနှင့် ကရင်ပြည်နယ်ဘက်တွင်လည်း စစ်ရေးလှုပ်ရှားမှုရှိနေသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့က ရေးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်တွင် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ NMSP-AD က မွန်၊ ကရင်နှင့် တနင်္သာရီဘက်တွင် လည်းကောင်း မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA က မွန်နှင့် ကရင်ဘက်တွင်လည်းကောင်း အဓိက စစ်ရေးလှုပ်ရှားနေသည်ဟု သိရသည်။

October 8, 2024
မြန်မာပြည်တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့တွင် စစ်ကောင်စီတပ်၏...
October 7, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ကိုအောက်တိုဘာလ ၆ ရက်နေ့ညက...
October 7, 2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်တလျှောက်ရှိ...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...