လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီ စစ်ရေးလှုပ်ရှား

လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီ စစ်ရေးလှုပ်ရှား

လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာပါတယ်။

အောက်တိုဘာလ ၅ ရက်နေ့က မြစ်ကြီးနားမြို့ဘက်ကလို့ ယူဆရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တုန်ဖုန်းကားနှစ်စီးနဲ့ အထက်ဘက်(မြစ်ဆုံ- တီယန်ဇွပ်- ဆွမ်ပရာဘွမ် လမ်းအတိုင်း) ကို တက်သွားကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“လူကတော့ ကောင်းကောင်းမမြင်ရဘူး။ ကားထဲမှာတော့ အပြည့်ပဲ။ အထက်ဘက် တက်သွားတာ။ သူတို့(စစ်ကောင်စီတပ်) ဆွမ်ပရာဘွမ် ပြန်

သိမ်းမယ်ဆိုပြီး ပြောနေကြတယ်။ မြစ်ဆုံသွားတဲ့ လမ်းအတိုင်းတက်သွားကြတာ။ ဘယ်ကို တက်မှာလည်း‌တော့ မသိဘူး။“လို့ ပြောပါတယ်။

အထက်ပါ ဒေသခံက စစ်သားအင်အား အတိအကျကိုတော့ မသိရပေမဲ့ ကားတစ်စီးမှာ အယောက် ၃၀ လောက် ပါနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားအချို့ လိုက်ပါစီးနင်းလာတဲ့ စစ်ကားနှစ်စီး အထက်ဘက်ကနေ မြစ်ကြီးနားဘက် ဆင်းသွားတာ တွေ့ရတယ်လို့ မြစ်ကြီးနားဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် လတ်တလောမှာ စစ်ကောင်စီတပ်က သူလက်လွှတ်လိုက်ရတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တီယန်ဇွပ်တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းကလည်း မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က နောင်နန်းတိုက်နယ် ဆယ်မိုင်ကျေးရွာဘက် စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားမှု ရှိခဲ့သလို စက်တင်ဘာလ အတွင်းမှာလည်း နောင်းနန်းတိုက်နယ်ရဲ့ နေရာအချို့မှာ စစ်ကောင်စီတပ်သားတွေ နေရာယူ စောင့်ကြပ်တာတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာလ အတွင်းက နောင်နန်းတိုက်နယ်၊ ကဝါးခကျေးရွာအတွင်းက တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ ကားလမ်းမပေါ်၊ ယိန်းခေါလမ်းခွဲ၊ ပ.လ.န ရဲစခန်းအနီးက ခြောက်မိုင်ကုန်းနားနဲ့ ရွှေစက်လမ်းခွဲ စတဲ့နေရာတွေမှာ စစ်သား နှစ်ယောက်၊ သုံးယောက်စီလောက် နေရာယူ စောင့်ကြပ်တာတွေရှိခဲ့ပြီး ကုန်တင်ကားကြီးတွေကို ရှောင်တခင် တားဆီးစစ်ဆေးတာတွေပါ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

စက်တင်ဘာလ ဒုတိအပတ်လောက်ကနေ စပြီးတော့လည်း မြစ်ကြီးနား-မြစ်ဆုံလမ်းတစ်လျှောက် ညနေ မှောင်ရီပျိုစအချိန်ကနေ ညသန်းခေါင်းအထိ တစ်ခါတစ်လေ စစ်ကောင်စီလေယာဉ် ပျံဝဲတာ ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ အထက်ပါ မြစ်ကြီးနားဒေသခံက ဆက်လက်ပြောပါတယ်။

” ကင်းထောက်လေယာဉ်လို့ ပြောတာပဲ။ ညတိုင်းပျံဝဲနေတာ။ ဟိုတစ်နေ့ညကဆို နိမ့်နိမ့်လေး ပျံတာ။ အိပ်ပျော်နေတာတောင် လန့်နိုးတယ်။ အိမ်ခေါင်မိုးတောင် လန်သွားတော့မလိုပဲ“လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်ကနေ သူလက်လွှတ်လိုက်ရတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်နေတာဟာ စက်တင်ဘာလကုန်ပိုင်းလောက်ကနေလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်လောက်ကနေ စတင်တိုက်ခိုက်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းကို စစ်ကောင်စီဘက်က‌ ကုန်လမ်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေသာမက လေကြောင်းနဲ့ပါ ပစ်ကူတဲ့ကြားကနေ မေလ ၅ ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်

လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကိုလည်း KIA ကနေ ဩဂုတ်လ ၂ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေအပြင် မြို့၊ ရွာတွေကို ပြန်လည်မပိုင်ဆိုင်ရရင် ဖျက်ဆီးပစ်တဲ့ အစီအစဉ်တွေလုပ်နေတယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...