သန်းခေါင်စာရင်းကောက်သည့် ကြာအင်းဆိပ်ကြီး အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းဝင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

သန်းခေါင်စာရင်းကောက်သည့် ကြာအင်းဆိပ်ကြီး အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းဝင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းဝင်းနေရာကို အောက်တိုဘာ ၂ ရက်နေ့၊ နေလယ်ပိုင်းတွင် ဒရုန်းဖြင့် တိုက်ခိုက်သတိပေးခြင်းခံရသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ ကြားအင်းဆိပ်ကြီးမြို့ပေါ်ကွက်ကွက်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး အောက်တိုဘာ ၁ ရက်နေ့မှ စ၍ သန်းခေါင်စာရင်း ကောက်ယူမှုပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

“သန်းခေါင်စာရင်းကောက်လို့ပေါ့၊ ဒရုန်းနဲ့ပစ်ခတ်ခံရတာ။ ရဲစခန်းအနီးဝန်းကျင်မှာ အသံက အကျယ်ကြီးပဲ။ ထိခိုက်မှုတွေကတော့ ဘာမှမကြားရသေးဘူး။ သန်းခေါင်စာရင်တွေက ကောက်တာ ၂ ရက်ရှိပြီး တော်တာ်များများ ပြီးပြီ” ဟု မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို ကြာအင်းဆိပ်ကြီးမြို့ပေါ်သို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မြို့ထဲရှိ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် မြို့ပြင်သို့ ပြန်လည် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည့် မြို့ပေါ် ကွက်ကွက်ကလေးအတွင်းသာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှု ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ မြို့နယ်ကျေးရွာ ဧရိယာ အများစုကို ကေအဲန်ယူက ထိန်းချုပ်ထားသည့်အတွက် မကောက် ယူနိုင်သလို နယ်စပ်မြို့ဖြစ်ပြီး ကရင်လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့တွင်လည်း စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုလို စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ကေအဲန်ယူ ဗဟို၏ ဦးဆောင်မှုအတိုင်း ခရိုင်အနေဖြင့် လက်မခံကန့်ကွက်ကြောင်း ဒူးပလာယာခရိုင် တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ ဝင်းရေးမြို့နယ် ဖားပြ၊ ကျုံခဝန်စသည့် ကျေးရွာများတွင် စစ်ကောင်စီလက်အောက် စာသင်ကျောင်းများ ဆက်လက်ဖွင့်နိုင်သေးသော်လည်း ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းဖြစ်၍ သန်းခေါင်စာရင်းများ ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...