ကျောက်ဖြူတွင် စစ်ကောင်စီနေဗီနှင့် AA တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့

ကျောက်ဖြူတွင် စစ်ကောင်စီနေဗီနှင့် AA တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ နေဗီစစ်တစ်စီး နှင့် အာရက္ခတပ်တော်(AA)တို့အကြား ယမန်နေ့က အပြန်အလှန် ပစ်ခတ် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ကျောက်ဖြူအပါအဝင် ရခိုင်ပင်လယ်ပြင်တွင် ဒေသခံရေလုပ်သားများကို စစ်ကောင်စီက ငါးဖမ်းခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ရန်ကုန်၊ ပုသိမ်စသည့် ပြည်မဘက်ကလာသော ငါးဖမ်းသင်္ဘောကြီးများကို နေဗီများက အကာကွယ်ပေးကာ ငါးဖမ်းခွင့်ပြုထားသဖြင့် အဆိုပါ ငါးဖမ်း သင်္ဘောများကို AA ကလက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

" စကစက ဒေသခံတွေကို ငါးဖမ်းခွင့်ပိတ်ထားတယ် ပင်လယ်မှာ။ ဒေသခံတွေ ပင်လယ်ထဲ ထွက်ရင် နေဗီတွေနဲ့ ပစ်တာတွေအထိလုပ်တယ်။ သူတို့နဲ့ အဆင်ပြေတဲ့ ရန်ကုန်၊ ပုသိမ်ဘက်က  ငါးဖမ်းလှေကြီးတွေကိုကျတော့ နေဗီတွေက အကာအကွယ်ပေးပြီး ဖမ်းခွင့်ပြုထားတယ်။ အဲဒီ ငါးဖမ်းလှေကြီးတွေကို အာရက္ခတပ်တော်ဘက်က ခြောက်လှန့် ပစ်ခတ်တာလို့ သိရတယ်။ ပင်လယ်ပြင်မှာရှိနေတဲ့နေဗီကလည်း ပြန်ပစ်တယ် " ဟု ပြောသည်။

၎င်းပစ်ခတ်မှုမှာ ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ၎င်းနောက် စစ်ကောင်စီနေဗီနှင့် ငါးဖမ်းနေသည့်ငါးဖမ်းသင်္ဘောများက အဆိုပါ ပင်လယ်ပြင်မှ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါနေဗီစစ်သင်္ဘောက ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်ရေမိုင် ရှစ်မိုင်ခန့် အကွာက လက်နက်ကြီးပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ် ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

"ဇင်ချောင်းအောက်ဘက် ပင်လယ်ပြင် ရေမိုင်ရှစ်မိုင်လောက်မှာ နေဗီတစ်စီးရှိတယ်။ အဲဒီနေဗီနဲ့ တပ်တော်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တဲ့သဘောပါ"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကပင် ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ အပါအဝင် ရခိုင်ပင်လယ်ပြင်နှင့် မြစ်များတွင် ဒေသခံရေလုပ်ငန်းများကို ပင်လယ်ပြင် ထွက်ငါးဖမ်းခွင့် များကို စစ်ကောင်စီက ဒေသန္တရအမိန့်ထုတ် တားမြစ်ထားခဲ့ပြီး ရန်ကုန်၊ ပုသိမ်နှင့် ထားဝယ်ဘက်က ငါးဖမ်းသင်္ဘောများကိုမူ ငါးဖမ်းခွင့်ပြုထားကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းပြင် ပင်လယ်ပြင်တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီနေဗီများသည် ပင်လယ်ပြင်သို့  ငါးဖမ်းထွက်သည့် ရခိုင်မှ ငါးဖမ်းလှေများအား ပစ်ခတ်ဖမ်းဆီးသည်သာမက ကျေးရွာအနီးရှိ မြစ်အတွင်း တစ်ပိုင် တစ်နိုင် ငါးဖမ်းနေသည့် လှေများကို ပစ်ခတ် ဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ကျောက်ဖြူမြို့နယ် စစ်တောရွာအောက်တွင် ပိုက်ချနေသည့် ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ကိုစောလှမောင် (၂၂)နှစ်၊ သစ်ပုတ်တောင် တိုက်နယ်၊ ကြံချိုင်ကျေးရွာမှ ဦးမွေးထွန်း (၃၂) နှစ် နှင့် ဦးမောင်ခင်သန်း (၄၂) နှစ်တို့ကို စစ်ကောင်စီ နေဗီ တစ်စီးက ဖမ်းသွားခဲ့သည်။

AA က ထိန်းချုပ်သိမ်းပိုက်ထားသည့်မြို့နယ်များမှ ရေပိုင်နက်များတွင်မူ ဒေသခံ ရေလုပ်ငန်းများမှာ လွတ်လပ်စွာငါးဖမ်းရှာဖွေခွင့် ပြုထားကြောင်း သိရသည်။

October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...
October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...
October 2, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဆေးဝါးအချိန်မီ ကာကွယ်ကုသနိုင်ခြင်း မရှိ၍ အရေပြား...
October 1, 2024
ရခိုင်ပြည်တွင် တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများအပါအဝင်...