သျှမ်းမြောက်တက်မည့် ကုန်တင်ကားများကို မန္တလေးအထွက်တွင် စစ်ကောင်စီ တင်းကြပ်စစ်ဆေး

သျှမ်းမြောက်တက်မည့် ကုန်တင်ကားများကို မန္တလေးအထွက်တွင် စစ်ကောင်စီ တင်းကြပ်စစ်ဆေး

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့များသို့ ရိက္ခာသယ်ဆောင်လာသည့် ကုန်တင်ကားများကို စစ်ကောင်စီတပ်က မန္တလေးအထွက် (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များသို့ စစ်ကောင်စီတပ်မှ စားနပ်ရိက္ခာ ဖြတ်တောက်ရန်အတွက် မန္တလေးမှ ကုန်ပစ္စည်း တင်ဆောင်လာသည့် ကားများကို (၁၆) မိုင်တိုးဂိတ်မှ စတင်ပြီး တားမြစ်စစ်ဆေးနေကြောင်း ကားသမားများထံမှ သိရသည်။

“မေမြို့အတက် ၁၆ မိုင်မှာ ကုန်ကားတွေဆို စစ်တပ်က စစ်တယ်။ ကုန်ခြောက်တို့ စားသုံးဆီတို့ ဆေးတွေဆိုရင် အများကြီး တင်လာရင် ဘယ်ကို သယ်မှာလဲဆိုပြီးတော့ ကားသမားကို ရစ်တယ်။ မိုးကာဖွင့်ပြီးတော့ ဟိုရှာဒီရှာ အဲ့လိုလုပ်တာ။ သျှမ်းပြည်တက်မယ်လို့ ပြောရင် ဂိတ်ကြေးပိုပေးရတယ်”ဟု မန္တလေး-လားရှိုး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မန္တလေးတိုင်းနှင့် သျှမ်းပြည်နယ်စပ် နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင်လည်း ကုန်တင်ကားများကို တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများကို အကြောင်းပြချက်မရှိဘဲ သယ်ယူခွင့် ပိတ်ပင်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာ၍ မရသေးဘဲ ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများမှာ ကြံခင်းများထဲဖြတ်၍ ကွင်းလမ်းဖြင့် သွားလာနေရပြီး ဆမ္မဆယ်နှင့် လွန်းကျော်လမ်းပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ဗွက်ထကာ ကားအစီးရေ ရာနှင့်ချီ ပိတ်မိနေကြောင်း ကားသမားများက ပြောသည်။

“ဆမ္မဆယ်ကနေ လွန်းကျော်သွားတဲ့ဘက်မှာ လမ်းဗွက်ထလို့ ကားလမ်းပိတ်တာ။

သဲခင်းလမ်းပဲ ဆိုတော့ ပြောင်းတင်တဲ့ ကားကြီးလည်း သွားတော့လေ လမ်းက ချော်တာ။ အခု အင်းဝိုင်းဘက်လည်း ကားတွေလာကြတယ်။ တံတားနား မြောင်းတူးထားတဲ့နေရာ ရောက်ရင်တော့ ပစ္စည်းကို ကဲ့ယူရတယ်၊ လူထမ်းပြီး ကဲ့ရတော့ စရိတ်ပိုကုန်တယ်”ဟု ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မန္တလေးဘက်မှ တက်လာသည့် ကုန်တင်ကားများသည် စစ်ကောင်စီဂိတ်များကို ကျော်လာပြီး လမ်းခရီးအခြေအနေကြောင့် ကုန်ကျစရိတ် ထပ်မံမြင့်တက်ကာ ဈေးနှုန်း ထက်ဝက်ကျော် ၂ ဆ ၃ ဆ အထိ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခါးစည်းခံနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များသို့ ကုန်ပစ္စည်းသယ်ယူရန် မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိ မတ္တရာနှင့် သပိတ်ကျင်းမြို့များတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲကြောင်း မိုးကုတ် ဒေသခံများက ပြောသည်။

“အခုက ကျောက်မဲဘက်အထိ ရိက္ခာ လာဝယ်ရတယ်။ မိုးကုတ်၊ မိုးမိတ်ဘက် ဘာပစ္စည်းမှကို မရောက်တော့တာ။ စစ်တပ်က မန္တလေးကထွက်တဲ့ အတက်ကားတွေကို ကုန်ပေးမသယ်ဘူး။ ခရီးသည်ပစ္စည်းတွေတောင် မွှေနှောက်ပြီးတော့ကို စစ်တာ။ ကျောက်မဲအထိ အဝေးကြီး လာသယ်ရတော့ ကြာရင် ပြည်သူက မခံနိုင်တော့ဘူး”ဟု မိုးကုတ်ဒေသခံ ကုန်သည်တစ်ဦးက ပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များအပြင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်သည့် နမ့်တစ်နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်ဘက်မှ ဇူလိုင်လမှ စတင်ပြီး ပိတ်ပင်ခဲ့သည်။

ထို့ကြောင့် ညီနောင်မဟာမိတ် ထိန်းချုပ်ဒေသအတွင်းရှိ ကွမ်းလုံ၊ သိန္နီနှင့် ကွတ်ခိုင်မြို့များတွင်လည်း ကုန်စည်စီးဆင်းမှု ခက်ခဲလာပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

Most read this week

October 3, 2024
သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားနေသောကြောင့်...
October 2, 2024
ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားလုပ်သားများကို ဖမ်းဆီးရေးစီမံကိန်းကြောင့် ၄ လ အတွင်း...
October 2, 2024
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း...
October 1, 2024
သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO)က...