ချင်းပြည်နယ်မြို့ကြီးတချို့မှာ သန်းခေါင်စာရင်းကောက်ခံ၊ ဟားခါးမှာပစ်ခတ်မှုဖြစ်ပွား

ချင်းပြည်နယ်မြို့ကြီးတချို့မှာ သန်းခေါင်စာရင်းကောက်ခံ၊ ဟားခါးမှာပစ်ခတ်မှုဖြစ်ပွား

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁ ရက်နေ့ မနက်ပိုင်းကစတင်လိုက်ပြီး ချင်းပြည်နယ်မြို့ကြီးတချို့မှာလည်း သန်းခေါင်စာရင်းကောက်ယူမှုရှိခဲ့ပြီးနောက် ဟားခါး မြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဟားခါးမြို့ခံအမျိုးသားတဦးက “ဟားခါးမြို့ပေါ်မှာတော့ ဒီနေ့ကောက်မယ်လို့ သတင်းကြားတယ်၊ ကောက်လို့ ထင်တယ် လူငယ်တွေနဲ့ စကစတွေ ပစ်ခတ်မူတွေရှိတယ်၊ သူတို့ရဲစခန်းဖက်မှာ မနက်ပိုင်း (၁၀) နာရီခွဲလောက်မှာ နာရီဝက်လောက်တော့ ကြာတယ်၊ ဒီနေ့မှာ အပြင်လည်းမထွက်ဘူးဆိုတော့ တခြား ဘယ်မှာကောက်လဲတော့ မသိဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် ဟားခါးမြို့ပေါ်   ဈေးဟောင်းရပ်ကွက်၊ အစိုးရမူကြိုကျောင်း၊ ရဲစခန်း အနီးတဝိုက်ရှိ နေအိမ်များကို  တအိမ်တက်ဆင်းဖြင့် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ပြီး အခြားရပ်ကွက်များတွင် ကောက်ယူခြင်းရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ဟားခါးမြို့မှာအခြေစိုက်လှုပ်ရှားနေသော CDF-Hakha တပ်ဖွဲ့က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပူးပေါင်းပါဝင်သော Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့သဘောထား၍ ပစ်ခတ်မည်ဟု စက်တင်ဘာလ ၂၃ ရက်နေ့က သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။  

အလားတူ ဖလမ်းမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာလည်း လုံခြုံရေးအပြည့်နှင့် သန်ခေါင်စာရင်းကောက်ယူမှုရှိခဲ့သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးကပြောသည်။

ဖလမ်းမြို့ခံတစ်ဦးက “မနေ့ကစပြီး သူတို့ကောက်တာ ၊ရပ်ကွက်တွေတော့ အတိအကျမသိဘူး၊တအိမ်တက် တအိမ်ဆင်းပြီးတော့ တချို့လူမရှိတဲ့အိမ်တွေကတော့ ကျော်တယ်၊အဓိကအားဖြင့် ထွေအုပ်ဖက် ဝန်ထမ်းတွေ ပါတယ်၊ စကစဖက်လည်း သူတို့ကင်းစောင့်ပေးတယ်လုံခြုံရေးကတော့ ရှိတယ်။” ဟု ပြောသည်။

ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်တွင် စစ်ကောင်စီသည် ယနေ့အောက်တိုဘာလ ၁ ရက်နေ့မှာ ဟားခါးမြို့နှင့် ဖလမ်းမြို့တို့မှာသာ သန်းခေါင်စာရင်းကောက်ယူများပြုနိုင်ကြောင်းသိရပြီး  ကျန်မြို့နယ်များ၏ အခြေအနေကို အတိအကျမသိရသေးပေ။

စစ်ကောင်စီသည် နိုင်ငံရေးနောက်ဆုံးထွက်ပေါက်တစ်ခုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေး ကောက်ပွဲပြုလုပ်ရန် စီစဉ်ထားပြီး ယင်းအတွက် သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်သည်။

ချင်းတော်လှန်ရေးအင်အားစုအဖွဲ့များကတော့ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှာ ပူးပေါင်းပါဝင်သော မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

Most read this week

September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...
September 27, 2024
ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဆော -...
September 25, 2024
ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး...
September 24, 2024
မင်းတပ်မြို့နယ် တိုက်နယ်တချို့က ကျေးရွာများတွင် အိမ်မွေးကြက်နှင့် ဘဲများသည် ရောဂါလက္ခဏာမပြသဘဲ...