ဧရာဝတီတိုင်းအတွင်း အသက်(၁၈)နှစ်ပြည့်ပြီး အမျိုးသမီးများ စစ်မှုထမ်းသင်တန်းခေါ်ယူသွားမည့် သတင်းထွက်ပေါ်နေ

ဧရာဝတီတိုင်းအတွင်း အသက်(၁၈)နှစ်ပြည့်ပြီး အမျိုးသမီးများ စစ်မှုထမ်းသင်တန်းခေါ်ယူသွားမည့် သတင်းထွက်ပေါ်နေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီးများအား စစ်မှုထမ်းသင်တန်းတက်ရန် ခေါ်ယူတော့မည်ဖြစ်ကြောင်း သတင်းများ ပေါ်ထွက်လာ၍ သတ်မှတ်ချက်အတွင်း အကျုံးဝင်သူများ နေရပ်မှရှောင်တိမ်းမှုရှိလာသည်ဟု ဧရာဝတီတိုင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီက ၎င်း၏ တပ်အင်အားကိုဖြည့်တင်းရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အမျိုးသား အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း၊ အမျိုးသမီး (၁၈)နှစ်မှ (၂၇) နှစ် အတွင်း စစ်မှုထမ်းရမည်ဖြစ်ကြောင်း ပြဌာန်းခေါ်ယူခဲ့သော်လည်း စစ်သင်တန်းအပတ်စဥ်(၅)အထိ အမျိုးသားများကိုသာ ဆက်တိုက်ခေါ်ယူနေခြင်းဖြစ်သည်။

သို့သော် ယခုလပိုင်းမှစ၍ ငပုတောမြို့နယ်ရှိ ကျေးရွာအချို့တို့တွင် အကြောင်းကြောင်းကြောင့် အထက်တန်းကျောင်းတက်ရောက်နေဆဲ အမျိုးသမီးငယ်များအပါအဝင် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ အမျိုးသမီးများအား စစ်သင်တန်းခေါ်ယူတော့မည့် သတင်းကြောင့် စိုးရိမ်ထိတ်လန့်၊ ရှောင်ရှားရသည်ဟု နယ်ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်ကလည်း သတင်းထွက်ပါတယ်။ အဲဒီတုန်းကတော့ ကျောင်းမပြီးသေးရင်စစ်သင်တန်းမပါဘူး။ အခုကျ ကျောင်းမပြီးလည်း (၁၈)နှစ်ကနေ‌ (၃၅)နှစ်အတွင်းရှိတဲ့ မိန်းကလေးတွေအားလုံး စစ်သင် တန်းခေါ်တော့မယ်ဆိုပြီး ရွာမှာသတင်းထွက်လာလို့ အမေတို့အဖေတို့က ပေးမသွားရက်ပေမယ့် ရွာကထွက်လာရတယ်” ဟု အသက်(၁၉)နှစ်အရွယ်ရှိ နယ်ခံအမျိုးသမီးငယ်ကဆိုသည်။

ထို့အပြင် ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်ရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီက ပြည်သူ့သဘောဆန္ဒအရဖြစ်စေ အတင်းအကြပ်ဖြစ်စေ စစ်မှုထမ်းသင်တန်းအတွက် အင်အားစုဆောင်းနေမြဲဖြစ်ရာ ဆန္ဒအလျောက် စစ်သင်တန်းတက်မည့်သူရှိသည့်တိုင် ငွေကြေးကောက်ခံနေ၍ ငွေကြေးမတတ်နိုင်သည့် သာမန်

လက်လုပ်လက်စားဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံတို့ကဆိုသည်။

ဟင်္သာတမြို့နယ်၊ တလုတ်ထော်ကျေးရွာနေ အမျိုးသားတစ်ဦးကလည်း “ကျနော်တို့ အုပ်စုကရွာ တွေမှာက သင်တန်းတက်မယ့်သူရှိတယ်ရှိပေမယ့်လည်း အငှားခေါ်ထည့်ထားတာရှိလို့ဆိုပြီး အုပ်ကြီးဆီ တစ်အိမ်ထောင်ကို တစ်သောင်းခွဲပေးရတယ်။ တစ်နေ့ထမင်းစားဖို့တောင်အနိုင်နိုင် လက်လုပ်လက်စားအိမ်တွေက အဲဒီပိုက်ဆံကိုဘယ်လိုပေးရမလဲ” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် အချို့မြို့နယ်များတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအချို့၏ ခြိမ်းခြောက်ပြောဆိုမှုကြောင့် စစ်မှုထမ်းရမည့်အသက်အရွယ်အတွင်းရှိ တစ်အိမ်ထောင်စုလျှင် ငွေကျပ်သိန်းနှင့်ချီ ပေးဆောင်နေရပြီး ၎င်းငွေအပါအဝင် စစ်မှုထမ်းသူများအတွက် ရွာမှထောက်ပံ့သည့်ငွေကြေးကိုလည်း ဖြတ်စားလာဘ်စားမှုများ ရှိနေသည်ဟု ဧရာဝတီသတင်းအရင်းအမြစ်ထံမှ သိရသည်။

တော်လှန်ရေးအင်အားစုတို့ စစ်ရေးလှုပ်ရှားမှု အားမကောင်းသေးသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်ကောင်စီက စစ်မှုထမ်းသင်တန်းနှင့်စပ်လျဥ်း၍ ဖော်ပြပါအတိုင်း ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှား နေနိုင်သလို အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်နေ့အတွင်း သန်းခေါင် စာရင်းကောက်ယူရေးနှင့်ပတ်သက်ပြီးလည်း အကြောင်းကြားစာများဖြန့်ဝေ အသိပေးထားပြီးဖြစ်သည်။

Most read this week

October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...