တန့်ယန်းမြို့နယ် UWSA က တပ်သားသစ်စုဆောင်းဟုဆို

တန့်ယန်းမြို့နယ် UWSA က တပ်သားသစ်စုဆောင်းဟုဆို

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ပြည်သူ့စစ်ပြန်လည်ဖွဲ့စည်းရန်ဟု ဆိုကာ တပ်သားသစ်စုဆောင်းနေကြောင်း စုံစမ်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်း ဝင်ရောက်နေရာယူထားသည့် ‘ဝ’တပ်ဖွဲ့ UWSA သည်စက်တင်ဘာလတတိယပတ်မှ စတင်၍ မြို့ပေါ်နှင့် ကျေးရွာများရှိ ‘ဝ’လူမျိုး မိသားစုများကို အိမ်ထောင်စုစာရင်း စတင်ကောက်ခံလျက်ရှိပြီး ပြန်လည်ဖွဲ့စည်းမည့် ပြည်သူ့စစ်အဖွဲ့တွင် စစ်မှုထမ်းရန် တပ်သားသစ်စုဆောင်းနေကြောင်း တန့်ယန်းဒေသခံများက ပြောသည်။

“ စကောက်တာတော့ ၂၄ ရက်က အဲ့လိုကြားတယ်။ လူကတော့ လူဟောင်း မယူတော့ဘူး၊ သူတို့ ထိန်းနိုင်မယ့် ဝ တို့၊ လွယ်လ တို့ အဲ့လိုမျိုးပေါ့။ ‘ဝ’တပ်ကလည်း ကြာကြာနေလို့ မရနိုင်ဘူးထင်လို့ သူတို့ရှိနေတုန်း ဩဇာခံလိုမျိုး ပြန်ထောင်ပေးခဲ့ချင်တာပေါ့။ သူတို့စကားနားထောင်မယ့် လက်အောက်ခံတပ်လို ထားခဲ့ချင်တာပေါ့”ဟု တန့်ယန်းမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်က ‘ဝ’တပ်ဖွဲ့ UWSA သည် စစ်အင်အား (၂၀၀၀) ခန့်ဖြင့် သံလွင်မြစ်အနောက်ခြမ်းသို့ ကူးလာကာ တန့်ယန်းမြို့သို့ ဝင်ရောက်နေရာယူခဲ့ပြီးနောက် ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ပြည်သူ့စစ်အဖွဲ့၏ နယ်မြေဟောင်းများတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

၎င်းနောက် မန်ပန်ပြည်သူ့စစ်ကို ပြန်လည်အသက်သွင်းရန် တန့်ယန်းမြို့နယ်အတွင်းရှိ ‘ဝ’၊ လွယ်လ လူမျိုးများကို UWSA ဘက်မှ တပ်သားသစ်စုဆောင်းမှုများ စတင်လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“နစက ဘက်လည်း တရားဝင်အောင်ပေါ့၊ နဂိုက မန်ပန်ဌာနေ ပြည်သူ့စစ်ရှိပြီးသားကိုး။ တန့်ယန်းကို ‘ဝ’တပ် မဝင်ခင် ရှေ့မှာ တပ်မ (၃၁၈) လာတုန်းက မန်ပန်ပြည်သူ့စစ် ခေါင်းဆောင်ကို ဖြုတ်လိုက်သလို အဲ့လိုပုံစံပဲ။ သံလွင်အနောက်ခြမ်း ပြည်သူ့စစ်ဆိုပြီးတော့ တပ်ရင်း (၃) ရင်းအထိ ဖွဲ့မယ်လို့  အရင်ကတည်းက လုပ်ခဲ့တာ၊

အဲ့တာမဖြစ်လို့ မန်ပန်ပြည်သူ့စစ် နာမည်နဲ့ ပြန်ကိုင်ချင်တာ”ဟု တန့်ယန်းမြို့နယ်မှ ၎င်းစစ်ရေးလေ့လာသူက ဆက်ပြောသည်။

‘ဝ’တပ်ဖွဲ့ UWSA က တန့်ယန်းမြို့နယ်အတွင်း လူသစ်စုဆောင်းပြီး မန်ပန်ပြည်သူ့စစ်ကို ပြန်လည်ဖွဲ့စည်းရန် လုပ်ဆောင်နေသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ‘ဝ’တပ်ဖွဲ့ UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းထံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ယခင်က ဗိုလ်မွန်း ဦးဆောင်ခဲ့သည့် မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့သည် တန့်ယန်း၊ မိုင်းရယ်နှင့် လားရှိုးမြို့နယ်အတွင်း သံလွင်မြစ်ကမ်း တာ့ပန်ယုတ် (တႃႈပၢင်ယူၵ်ႇ)၊ တာ့ဆိုင်းလျန် (တႃႈသၢႆးလႅင်) မှ မန်ပန်အုပ်စု၊ မိုင်းယော်အုပ်စုအထိ ကျေးရွာအုပ်စုပေါင်း (၅၀) နီးပါး နယ်မြေစိုးမိုးမှု ရှိထားသည်။

ယခုနှစ် ၂၀၂၄ ဇန်နဝါရီ လဆန်းပိုင်းတွင် မန်ပန်ပြည်သူ့စစ်အဖွဲ့တွင်း ခေါင်းဆောင်ဖြုတ်ချမှု ရှိခဲ့ပြီး တပ်ဖွဲ့ဝင်အချို့သည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထံသို့ ဝင်ရောက်ခိုလှုံမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

‘ဝ’တပ်ဖွဲ့ UWSA က ၎င်းနယ်မြေများတွင် မန်ပန်ပြည်သူ့စစ်ကို ပြန်လည်စုဖွဲ့ရန် လုပ်ဆောင်နေပြီး ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်မွန်း၏ သားကို ပြန်ဦးဆောင်ခိုင်းမည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကြားရတာတော့ ဗိုလ်မွန်းရဲ့ သားကို မန်ပန်ပြည်သူ့စစ်အဖွဲ့ကို ပြန်ဦးဆောင်ခိုင်းမှာ အဲ့လိုရှိတယ်။ မနှစ်က ‘ဝ’တပ် ဝင်လာတော့ ပြည်သူ့စစ်အချင်းချင်း လူကြီး ဖြုတ်လဲတာပေါ့။ ဒီဘက်မှာ နေတဲ့ ‘ဝ’လူငယ်တွေဆို အရင်က လွတ်လွတ်လပ်လပ် သွားလာခဲ့တာဆိုတော့ ကွန်မြူနစ်ပုံစံနဲ့ နေသားကျဖို့က သူတို့အတွက် ခက်ဦးမယ်”ဟု တန့်ယန်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်ကလည်း ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် ‘ဝ’အမျိုးသားများကို စစ်မှုထမ်းရန် အမြန်ဆုံးနေရပ်ပြန်ခိုင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး တပ်သားသစ် (၄၀၀၀) အထိ စုဆောင်းသွားမည်ဟုလည်း ဒေသခံများထံမှ သိရသည်။

Most read this week

September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...
September 25, 2024
သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း...