မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် နယ်မြေမှူးတစ်ချို့ကို စစ်တပ်က စစ်သင်တန်းပေးနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်က နယ်မြေမှူးတွေကို ခေါ်ယူပြီးစစ်သင်တန်းပေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး မြစ်ကြီးနားမြို့ပေါ် ရက်ကွက်တစ်ချို့ နယ်မြေမှူးတွေကို စစ်သင်တန်းပေးဖို့ စတင်အကောင်အထည်ဖော်လာတာဖြစ်ပြီး လက်ရှိ  စစ်သင်တန်းတက်နေတဲ့ နယ်မြေမှူးတွေလည်းရှိနေပြီဖြစ်တယ်လို့ မြစ်ကြီးနားမြို့တွေက ပြောပါတယ်။

“ရပ်ကွက်နယ်မြေမှူးတွေကို စစ်သင်တန်းပေးနေတယ်။ သူတို့ရဲ့ခေါင်းစဉ်ကတော့ ရပ်ကွက်လုံခြုံရေးဆိုပြီး ပြောတယ် ရဲတွေမရောက်နိုင်တာကြောင့် ရပ်ကွက်နယ်မြေမှူးတွေ ပါဝင်လုပ်ဆောင်ရမယ်လို့ ပြောတယ်။မကြာခင် တစ်သုတ် စစ်သင်တန်း ဆင်းတော့မယ်။ စစ်သင်တန်းတက်ထားပြီဖြစ်တဲ့အတွက် ရှေ့တန်းသွားရရင်လည်း သွားရမယ်ဆိုတဲ့ဟာတွေလည်း ရှိလာနိုင်တာပေါ့။ ဒါတော့မသိနိုင်ဘူးလောနော်။” လို့ မြစ်ကြီးနား တပ်ကုန်းရပ်ကွက်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်၊ကျေးရွာလုံခြုံရေးအတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ကာ နယ်မြေမှူးတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ရေးလေ့ကျင့်ပေးနေပြီး ဒီပတ်အတွင်း စစ်သင်တန်းဆင်းမယ့် နယ်မြေမှူးတွေလည်းရှိနေပြီလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က မြစ်ကြီးနားမြို့ပေါ်မှာ တပ်သားစုဆောင်းတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့အပတ်မှာ မြစ်ကြီးနားမြို့  HAPPY KTV အတွင်း လူငယ်အများအပြားကို ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ခုလို တပ်သားသစ်စုဆောင်းတာအပြင် မြို့ပြင်ရပ်ကွက်နေရာတစ်ချို့ဂိတ်တွေမှာ လုံခြုံရေးတိုးမြင့်ကာ စစ်ဆေးရေးတင်းတင်းကြပ်ကြပ်လုပ်နေတဲ့အပြင် အခွန်ကောက်ခံတာတွေလည်းလုပ်နေတယ်လို့ မြစ်ကြီးနားဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်တစ်ပြည်နယ်လုံးမှာ ဖုန်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ခံရတဲ့နောက် မြစ်ကြီးနားမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ပူးပေါင်းတပ်က တိုက်ခိုက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းပျံ့နှံလာတာနဲ့အမျှ စစ်ကောင်စီတပ်က မြို့ပြင် ရွှေစက်၊ နောင်နန်း၊ ပလနနဲ့ နမ်ကျင်ကျေးရွာ၊ မော်ဖောင်းကျေးရွာ စတဲ့ ကျေးရွာတွေမှာ လှုပ်ရှားသွားလာနေတဲ့အပြင် များသောအားဖြင့် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းတစ်ကြော လှုပ်ရှားသွားလာကာ မြစ်ဆုံဒေသ တန်ဖရဲစစ်ကောင်စီတပ်စခန်းမှာ အင်အားဖြည့်၊ လုံခြုံရေးတိုးမြင့်ကာ စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မြစ်ဆုံ တန်ဖရဲဘက်ကို စစ်ကားတွေ ပုံမှန် တက်လိုက် ဆင်းလိုက် လုပ်နေတယ်။ ပြီးရင် ပလန ကဝါးခဂိတ်မှာလည်း ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးတယ်။ လက်နက်တွေ၊ စစ်အင်အားတွေတင်ပြီး ကားက တက်လိုက် ဆင်းလိုက် လုပ်နေပုံထောက်ရင်တော့ စစ်ရေးလှုပ်ရှားနေတယ်လို့ မြင်တယ်။ ” လို့ နောင်နန်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ညဘက်မှာ မြစ်ကြီးနားမြို့ပေါ် ဒရုန်းတွေနဲ့ကင်းထောက်ပြီးမသင်္ကာတဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးတာတွေ၊ လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေလုပ်ဆောင်နေသလို ဒီရက်ပိုင်းအတွင်း ဝိုင်းမော်ဘက်ခြမ်းမှာလည်း စစ်ရေးအခြေအနေပြန်လည်တင်းမာလာပြီးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ ဝိုင်းမော်၊ စန်းကားနဲ့ ရွှေညောင်ပင်ဘက်တစ်ကြောကို လက်နက်ကြီးနဲ့ ပုံမှန် ပစ်ခတ်နေတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...