အွန်လိုင်းလောင်းကစားလုပ်သူကိုလက်ခံတဲ့ Starlink အင်တာနက်ဆိုင်ရှင်တွေ တာဝန်ခံရမယ်လို့ IEC ပြော

အွန်လိုင်းလောင်းကစားလုပ်သူကိုလက်ခံတဲ့ Starlink အင်တာနက်ဆိုင်ရှင်တွေ တာဝန်ခံရမယ်လို့ IEC ပြော

ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ထိရောက်စွာ အရေးယူမှာ ဖြစ်တာကြောင့် အွန်လိုင်းလောင်းကစား လုပ်သူကို လက်ခံတဲ့ starlink အင်တာနက်ဆိုင်တွေအနေနဲ့ တာဝန်ခံရမယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

“ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့သူတွေကို restiction (ကန့်သတ်ချက်) လုပ်ဖို့။ စီးပွားရေးရဲ့ သဘောသဘာဝက လူထုတွေကို သူတို့ စီးပွားရေးလုပ်လို့ရတယ်။ သူတို့စီးပွားရေးလုပ်ခြင်းဟာ လူထုတွေကို ပြန်ပြီးတော့ တာဝန်ခံရမယ်။ social response လို့ခေါ်တယ်ပေါ့နော။ လူမှုတာဝန်ခံကို သူတို့တစ်ဝက်ခံရမယ်။ လူမှုတာဝန်ခံတဲ့နေရာမှာ ဒီလောင်းကစားခြင်းကြောင့် ပျက်စီးသွား နိုင်တယ်။ ဒုက္ခရောက်သွားနိုင်တယ်။ ဆင်းရဲသွားနိုင်တာကို သိရင် ဒီဟာကို တာဝန်ယူရမယ်။ အဲ့ဒီအပေါ်မှာလည်း ထည့်သွင်းစဉ်းစားဖို့အတွက် ညှိနှိုင်းသွားဖို့ အစီအမံလည်းရှိပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ တရားဥပဒေစိုးမိုးရေးစီမံချက်မှာ အွန်လိုင်းလောင်းကစားတွေကို တားမြစ်ကြောင်း ပါရှိပါတယ်။ ညွှန်ကြားချက်ထုတ်ပြီးနောက် အွန်လိုင်းဂိမ်းကစားခြင်းကို ပိတ်ပင်ထားမြစ်ထားဖို့ IEC ဌာနဆိုင်ရာအားလုံးကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အွန်လိုင်းလောင်း ကစား ပြုလုပ်နေသူတွေကို ထောင်ဒဏ်ချမှတ်အရေးယူနိုင်တဲ့ လောင်းကစား ဥပဒေကိုလည်း IEC က ချမှတ်ထားပါတယ်။

အွန်လိုင်းလောင်းကစား လုပ်ကြောင်း ပြစ်မှုထင်ရှားရင် လောင်းကစားဥပဒေပုဒ်မ ၁၉ (က)အရ ထောင်ဒဏ် အနည်းဆုံး ၆လ ကနေ အများဆုံး ၁နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းလောင်းကစားပြုလုပ်သူကို ငွေချေးတာ ဒါမှမဟုတ် ငွေထောက်ပံ့ကြောင်း ထင်ရှားပါက လောင်းကစားဥပဒေပုဒ်မ ၂၀ (က) အရ ထောင်ဒဏ် အနည်းဆုံး ၁နှစ်ကနေ အများဆုံး ၃ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းမှတ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

အွန်လိုင်းလောင်းကစားဂိမ်း လို့ပြောရာမှာ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စတာတွေအပါအဝင် တခြားအွန်လိုင်းဂိမ်း ဆော့ကစားတာကိုလည်း အရေးယူ သွားမယ်လို့ IEC ကပြောဆိုထားပါတယ်။

ကရင်နီပြည်အတိုင်းအတာနဲ့ လွိုင်ကော်မြို့မှအပ ကျန်မြို့နယ်အာလုံးမှာ ဖုန်းလိုင်း ၊ အင်တာနက်လိုင်း ပြတ်တောက်နေတာဖြစ်ပြီး starlink အင်တာနက်ကိုပဲ အားထားအသုံးပြုနေကြရတာပါ။ starlink အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ဆိုင် ဒါမှမဟုတ် နေရာတွေမှာ အွန်လိုင်းလောင်းကစားလုပ်တဲ့ လူငယ်တွေကိုအများဆုံး တွေ့ရလေ့ရှိတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဂိမ်းဆော့ပြီး‌တော့ အကြွေးတင်သွားတာလည်း ရှိတယ် ကျနော့်အသိထဲမှာလေး။ သူတို့ဟာက အကြွေးဆပ်ဖို့ ဂိမ်းဆော့ရင်း ဆော့ရင်းနဲ့ အကြွေးပိုပိုများလာတယ်။ အဲ့လိုပုံစံမျိုးလေး” လို့ ကရင်နီပြည်က လူငယ်တွေကြားမှာ တွေ့ရတဲ့ အွန်လိုင်းလောင်းကစားတွေနဲ့ ပါတ်သက်ပြီး ဒေသခံတစ်ဦးက ပြောပြတာပါ။

တရားဥပဒေစိုးမိုးရေးစီမံချက် ကို အသိပေးထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၂၄ ရက်နေ့အတွင်း ပြည်သူတွေကို အသိပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ IEC ကပြောထားပြီးနောက် လက်ရှိမှာ အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေတာရှိတယ်လို့ ဒီးမော့ဆိုဒေသခံတွေထံကနေ သိရပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ကစလို့ တားမြစ်ချက်ဖောက်ဖျက်သူတွေကို တရားဥပဒေ စိုးမိုးရေးဆိုင်ရာအဖွဲ့ ( Task force) နဲ့ အထူးတပ်ဖွဲ့ ( special force) တို့ကို အရေးယူဆောင်ရွက်ဖို့အတွက် လုပ်ပိုင်ခွင့် အပြည့်အဝ ပေးသွားမယ်လို့ပြောပါတယ်။

Most read this week

September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...