ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

ချင်းပြည်အစိုးရ/CNF နှင့် ICNCC/CB တွေ့ဆုံမှု အချက် ၅ ချက်ကို ကနဦး သဘောတူညီမှုရရှိ

Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF)  နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC/ချင်းညီနောင်( CB ) အဖွဲ့တို့ စက်တင်ဘာ ၂၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက် ၅ ချက်ကို ကနဦးသဘောတူညီမှုရရှိကြသည်ဟု ZORO ကထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ချင်း-ကူကီး-မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသည့် ညီရင်းအကိုများဖြစ်ကြကြောင်းလက်ခံကြပြီး၊ တိုင်းပြည်နှင့်လူမျိုးအတွက် တော်လှန်ရေးဆောင်ရွက်သည့်အချိန်တွင် ညီအကိုအချင်းချင်းကြား သဘောထားကွဲလွဲမှု ဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းဖြစ်ကြပြီး နောက်နောင်တွင် ဤကဲ့သို့ ထပ်မဖြစ်ရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သော သဘောတူညီချက်ထဲတွင် ဖော်ပြထားသည်။

နောက်နောင်တွင် နှစ်ဖက်အဖွဲ့အစည်းများအကြားသဘောထားကွဲလွဲမှုရှိလာခဲ့ပါက လက်နက်ဖြင့်ဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုကြရန် သဘောတူကြပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့ အစည်းမှတာဝန်ရှိသူများသည် လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးကော်မတီတရပ်ထားရှိရန်လည်းလိုလားကြပြီး နောက်တစ်ကြိမ်ဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မတီတရပ်ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးပွဲကို မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်လည်းဖြစ်၊ ZORO ဒုဥက္ကဌ ပူးလာလ်မွန်ပွီး ယာ ပွန်သဲ ရုံးခန်းမှာ နေ့လည် ၁၂ ရာက ကျင်းပပြုလုပ်ခဲ့ကြပြီး ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ပူးပါထန်း၊ ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ပူးထန်းနိန်းကီးတို့ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ကြားကာလချင်း အမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC ဘက်က ဆလိုင်းလျန်လွယ်၊ ချင်းညီနောင်မှ Paw Sila၊ ဆလိုင်းပီတာထန်းတို့ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

Most read this week

September 23, 2024
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင်...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...