စစ်တွေမြို့ ရွှေပြည်သာမှ ရွာသားများအားလုံးကို စစ်ကောင်စီမောင်းထုတ်

စစ်တွေမြို့ ရွှေပြည်သာမှ ရွာသားများအားလုံးကို စစ်ကောင်စီမောင်းထုတ်

ရခိုင်ပြည်၊ စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာမှ ကျေးရွာသူ/သားများကို စစ်ကောင်စီတပ်က ရွာမှအတင်းအဓမ္မနှင်ထုတ်ထားသည်ဟု သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်၊ မနက်ပိုင်းမှစတင်ကာ အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွှေပြည်သာကျေးရွာသို့ လက်နက်များကိုင်ဆောင် ရောက်ရှိလာကြပြီး ရွာသူ/သားများကို ရွာမှ ထွက်သွားကြရန် ညနေ ၆ နာရီအထိ အတင်းအဓမ္မနှင်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရွှေပြည်သာကျေးရွာမှ ရွာသားတစ်ဦးက "မနေ့ကနေ နှင်ထုတ်တာ။ ရွှေပြည်သာမှာမနေရတော့ဘူးဆိုပြီးတော့လေ။ ရွာလုံးကျွတ်ကို နှင်ထုတ်နေတာ။ အရေးကြီး ပစ္စည်းတွေရှိရင် တခါတည်းအပါယူသွား။ မနေ့ကတစ်ရက်ပဲ ဝင်ထွက်ခွင့်ပေးတယ်။ ပစ္စည်းတွေပြောင်းခိုင်းတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်က ယင်းသို့နှင်ထုတ်သော်လည်း အခြေချနေထိုင်ရန် နေရာထိုင်ခင်းများ စီမံပေးခြင်းမရှိသည့်အတွက် ဒေသခံများမှာ နေထိုင်ရာအခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

လက်ရှိတွင် စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးအိမ်များနှင့် မင်းဂံရပ်ကွက်ရှိကျူးကျော်တဲများတွင် ခိုလှုံနေထိုင်နေရကြောင်းလည်း ရွှေပြည်သာကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

" ရွာကနှင်ထုတ်ပြီးတော့ နေစရာနေရာတွေ စီစဥ်ပေးလားဆိုတော့လည်း ဘာမှမစီစဥ်ပေးဘူး။ ဒီအတိုင်း ဘာမှလည်းမလုပ်ပေးဘူး။ သက်သက်မဲ့ဒုက္ခပေးတာ။ အခုမိုးရာသီလေ။ ရွာကနှင်ထုတ်တော့ ဘယ်နေရာမှဘယ်လိုနေရမလဲမသိတော့တာနဲ့ ဆရာတော်တွေဆီ ခွင့်တောင်းပြီးတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပါတယ်" ဟု ပြောသည်။

ဒါ့အပြင် ယနေ့စက်တင်ဘာလ ၁၆ ရက်တွင်လည်း ဆတ်ရိုးကျတံတားကျော်ပြီး ရွှေပြည်သာကျေးရွာဘက်သို့ ဖြတ်သွားဖြတ်လာလုပ်ကြသူ မည်သူ့ကိုမဆို စစ်ကောင်စီတပ်က ပစ်မိန့်ထုတ်ထားသည်ဟု သတင်းများလည်းထွက်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ယင်းသတင်းထွက်ပေါ်နေ၍ ရွှေပြည်သာကျေးရွာမှ ဒေသခံများမှာ နေအိမ်များတွင်ကျန်ရှိနေသည့် ပစ္စည်းများအား ပြောင်းရွေ့ယူဆောင်ရန် မသွားရဲတော့ကြောင်းလည်း သိရသည်။

ရွာမှနှင်ထုတ်ခံထားရသည့် ရွှေပြည်သာကျေးရွာသားများမှာ ဆွေမျိုးများရှိရာ တစ်ခြားတစ်မြို့များသို့သွားရောက်ခိုလှုံချင်သော်လည်း စစ်ကောင်စီတပ်က စစ်တွေမြို့မှ ထွက်ခွင့်မပေးဘဲ လမ်းများအားလုံးပိတ်ဆို့ထားသဖြင့် အခက်အခဲဖြစ်လျက်ရှိသည်ဟုလည်း သိရသည်။

ရွှေပြည်သာကျေးရွာသည် စစ်တွေမြို့၏မြောက်ဘက်၊ ဆတ်ရိုးကျချောင်းတစ်ဘက်ခြမ်းတွင်တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ခန့်နှင့် လူဦးရေ ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

လက်ရှိတွင် AA နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားနေသည့်နှစ်ဖက်တိုက်ပွဲများကြောင့် ရွာသားအများစုမှာ လွတ်မြောက်နယ်မြေများနှင့် ရန်ကုန်မြို့များသို့ နေရပ်စွန့်ခွာ တိမ်းရှောင်သွားကြပြီဖြစ်၍ ကျေးရွာအတွင်း လူဦးရေ ၄၀ ကျော်ခန့်သာရှိတော့ကြောင်း စုံစမ်းသိရသည်။

ထိုသို့ကျေးရွာသားများကို စစ်ကောင်စီတပ်က ရွာမှအတင်းအဓမ္မနှင်ထုတ်ခြင်းသည် အဆိုပါကျေးရွာများတွင် စစ်အင်အားတိုးချဲ့ကာ အခြေစိုက်တပ်စခန်းများတိုးချနေထိုင်ရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။

အလားတူ ရွာသားများကိုလည်း စစ်တွေမြို့တွင်းတွင် စုပြုံထားပြီး စစ်တွေမြို့ကို အာရက္ခတပ်တော်(AA)ဝင်တိုက်လာပါက မြို့တွင်းရှိပြည်သူများကို လူသားဒိုင်းကာအဖြစ်အကာအကွယ်ယူလို၍ ယခုကဲ့သို့ပြင်ဆင်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

" စစ်တွေမြို့မှာ စစ်ကောင်စီတပ်က ကမ်းခြေတစ်လျှောက် ခြံစည်းရိုးကာတယ်။ အခုလည်း ရွာတွေက လူတွေကိုနှင်ထုတ်ပြီး စစ်တွေမြို့မှာစုအောင် ကြံဖန်လုပ်ဆောင်နေတာက AA က စစ်တွေမြို့ကို တိုက်ခိုက်လာရင် ပြည်သူတွေကိုအကာအကွယ်ယူဖို့အတွက် လုပ်ဆောင်နေတာ။ ပြည်သူတွေအများကြီးစုပြီးရှိနေရင် AA က ဝင်မတိုက်တော့ဘူးအထင်နဲ့လုပ်နေတာလို့ မြင်တယ်" ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

စက်တင်ဘာလအစပိုင်းတုန်းကလည်း စစ်တွေမြို့နယ်ရှိ ကျေးတောကျေးရွာ၊ ပိုက်ဆိပ်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က ရွာတွင်မနေခိုင်းဘဲ ရွာလုံးကျွတ်ကို အတင်းအဓမ္မနှင်ထုတ်ထားကြောင်းလည်း သိရသည်။

Most read this week

September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...
September 19, 2024
ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ရေဘေးဒဏ်ကြောင့် ချင်းအမျိုးသားတစ်ဦး သေဆုံးပြီး ကျေးရွာပေါင်း ၂၀...
September 18, 2024
စစ်ရေးတင်းမာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲနေ...
September 18, 2024
မဒေးကျွန်း ဆိပ်ကမ်းသို့ တရုတ်ရေနံ သင်္ဘောများဝင်ထွက်ရာ ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ...