နေအိမ်တွေ ရေထဲမျောပါသွားတဲ့ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေ

နေအိမ်တွေ ရေထဲမျောပါသွားတဲ့ ရေဘေးသင့် စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေ

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပွန်ချောင်း စစ်ရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ရေကြီးရေလျှံမှူတွေ ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ရေထဲမျောပါသွားတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း ၊ အမိုးအကာ ၊ အစားအသောက်တွေ ရရှိဖို့အတွက် အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း ပွန်ချောင်းရေ ကျဆင်းပေမယ့် စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေ ရေထဲမျောပါသွားတာကြောင့် အကူအညီလိုအပ်နေတာဖြစ်ပါတယ်။

ပွန်ချောင်း စစ်ရှောင် အမှတ် ၄ မှာတော့ အိမ်ခြေ ၈၀ ၀န်းကျင် နေထိုင်ကြပြီး နေအိမ်ထက်၀က်ကျော်က ရေထဲမျောပါသွားသလို တနိုင်တပိုင်စိုက်ပျိူးထားတဲ့ နှမ်းနဲ့ တခြားသီးနှံတွေလည်း ရေထဲမျောပါသွားတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးဖြစ်တဲ့ ခူးဘဲရယ်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီအမှတ် ၄ မှာတော့ နေအိမ် ၄၀ ကျော်လောက် ပါသွားတယ်။ အမှတ် ၂ မှာတော့ ၈ အိမ်လောက်ပါသွားတယ်။ အမှတ် ၂ မှာလည်း ပျက်စီးဆုံးရှုံးမှုတွေများတယ်။ ဘာလို့ဆို ၁ အိမ်ထဲကိုပဲ နှမ်း ၄၇ အိတ် ပါသွားတယ်။ တနိုင်တပိုင်စိုက်ပျိူးထားတဲ့ သီးနှံတွေက ရောင်းမထွက်သေးတော့ ရေထဲမျောပါကုန်တယ်။ လုပ်နိုင်အားက သဲထဲရေသွန်သလို ဖြစ်သွားတာပေါ့နော်။ အဆင်မပြေဘူး”လို့ ခူးဘဲရယ်က ပြောပါတယ်။

အမျိုးသမီးတွေချည်းရှိနေတဲ့ စစ်ဘေးရှောင်မိသားစုတချို့ကတော့ နေအိမ်က ပစ္စည်းတွေကို မသယ်မှီတဲ့အတွက် အခက်အခဲနဲ့ပိုကြုံနေရတယ်လို့ ပြောပါတယ်။ ရေဘေးကြောင့် စစ်ဘေးရှောင်တွေရဲ့ နေအိမ် ၊ အသုံးအဆောင်ပစ္စည်း ၊ နှမ်း နဲ့ တခြားစိုက်ပျိုးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုများတယ်လို့ ခူးဘဲရယ်က ဆက်ပြောပါတယ်။

နေအိမ်တွေ ရေထဲမျောပါသွားတာကြောင့် နေစရာမရှိတော့တဲ့အတွက် ကျေးရွာခံတွေရဲ့ ခန်းမဆောင်တွေ၊ စာသင်ကျောင်းတွေမှာပဲ ခိုလှုံနေရပြီး အစားအသောက်တွေလည်း ရှိတာလေးနဲ့ ဝေမျှပြီး ချွေတာ စားသောက်နေကြရတယ်လို့ နေအိမ်ပျက်စီး ဆုံးရှုံးသွားတဲ့ စစ်ရှောင်အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“ဒီရေကြီးပြီး နောက်ပိုင်းမှာပေါ့နော်။ ကျမ တို့နေစရာ အိမ်က မရှိတော့ဘူးဆိုတော့ ခန်းမဆောင်တို့ စာသင်ကျောင်းတို့မှာပဲ ခိုကပ်ပြီး နေရတာပေါ့။ စားဖိုးသောက်ဖို့ဆိုလည်း ရှိတဲ့ ကျမ တို့ဆန်က ရသလောက်တော့ ရတယ်။ တချို့က မရဘူးဖြစ်နေတယ်။ ရှိတဲ့ဟာနဲ့ပဲ ပေါင်းပြီးတော့မှ ချက်စားနေကြတယ်။ အဆင်ပြေသလိုတော့ စားကြတယ်။ ပြီးတော့ ဖရုံပင်တွေ စိုက်ထားတယ်။ ပြန်ကြည့်တော့ ကျန်တဲ့ဟာက ကျန်တယ်။ မကျန်တဲ့ဟာက မရှိဘူး အဲ့လိုမျိုး။ အိမ်မှာ ကျန်ခဲ့တဲ့ လက်ကျန်လေးတွေနဲ့ပဲ ချွေတာ ပြီး စာသောက်နေရတယ်”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လက်ရှိမှာတော့ အလှူရှင်အဖွဲ့အစည်းကနေ လာရောက်လှူဒါန်းတာတွေ ရှိနေပေမယ့် လိုအပ်ချက်တွေတော့ ရှိနေဆဲပဲ လို့ သိရပါတယ်။

ပွန်ချောင်းအရှေ့ဘက်ကမ်းမှာ နေထိုင်နေကြတဲ့ စစ်ရှောင်စခန်းအမှတ် ၁ ၊ ၃ ၊ ၅ က စစ်ဘေးရှောင်တွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားနေပေမယ့် တစ်ဖက်ကမ်းကို ကူးဖို့ စက်လှေမရှိသေးတာကြောင့် အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ကရင်နီပြည် နေရာအနှံ့ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင် တိမ်းရှောင်နေရပြီး အမိုးအကာ ၊ ရေသန့် ၊ စားသောက်ရေး အတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ IEC က ထုတ်ပြန်ထားပါတယ်။ လတ်တလော ယာယီရွေ့ပြောင်းနေထိုင်ဖို့အတွက် တဲဆောက်ဖို့ မိုးကာ၊ ဝါး ၊ သွပ်ကြိုး လိုအပ်နေတယ်လို့ သိရပါတယ်။ IEC ရဲ့ စာရင်းအရ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ရေဘေးသင့် ပြည်သူ ၁၀၀၀၀ ခန့် ရှိနေပါတယ်။

Most read this week

September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...
September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...