ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၏ Deputy Executive Director Salai Za Uk Ling နှင့် ချင်းဝေါလ် တို့ တွေ့ဆုံမေးမြန်းခြင်း

ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၏ Deputy Executive Director Salai Za Uk Ling နှင့် ချင်းဝေါလ် တို့ တွေ့ဆုံမေးမြန်းခြင်း

ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုစုံစမ်းစစ် ဆေးပေးရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တိုင်ကြားစာပေးပို့ပြီး တရားစွဲရန်လျှောက်ထားခဲ့ခြင်းကို တရားရုံးက ၂၀၂၄ ခုနှစ် မေလ မှာ ပယ်ချခဲ့ပါတယ်။

ဖိလစ်ပိုင်တရားရုံးဘက်ကတော့ ဒီရာဇဝတ်မှုဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ပွားတာမဟုတ်ဘဲ တခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုကို ပယ်ချတာလို့ တိုင်ကြားစာပေးပို့သူတွေဆီကို အကြောင်းပြချက်ပေးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့( CHRO) တာဝန်ရှိသူက သတင်းမီဒီယာ တွေမှာ ဖြေကြားထားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်းအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၂ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကာ၊အရပ်သားပြည်သူ အယောက် ၆၀,၀၀၀ ကျော် အိန္ဒိယနိုင်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရတယ်လို့လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Myanmar Accountability Project-MAP) က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တရားလိုများ ဖြစ်ကြတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) အဖွဲ့အပါအဝင် ချင်းတိုင်းရင်းသား ငါးဦး တို့မှ ဒီနှစ် ၂၀၂၄ ခုနှစ်ထဲ ဖိလစ်ပိုင်နိုင်ငံ ဗဟိုတရားရုံးအထိ အယူခံဝင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး CHRO ရဲ့ Deputy Executive Director Salai Za Uk Ling ကို Chin World Media ကနေဆက်သွယ် မေးမြန်းထားပါတယ်။

CW- စစ်ကောင်စီ ခေါင်းဆောင်တွေကို တရားစွဲဖို့ အတွက် ဘာ့ကြောင့် ဖိလစ်ပိုင် နိုင်ငံ ကို ရွေးခဲ့တာလဲ။

CHRO- ခိုင်မာသည့် တရားဥပဒေစိုးမိုးရေး အပေါ် အခြေခံပြီး အားကောင်းတဲ့ ဒီမိုကရေစီ နှင့် တရားစီရင်ရေး စနစ် ရှိသော အာဆီယံရဲ့အရေးပါတဲ့နိုင်ငံ တစ်ခု ဖြစ်လို့ ဖိလစ်ပိုင် နိုင်ငံကို ရွေးချယ် ဖြစ်တာပါ။ သူတို့မှာ ပထမ ကမ္ဘာစစ် တုန်းက ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဆိုဖို့ အတွက် ပြည်တွင်း ဥပဒေရေးရာ တရားစီရင်ထုံး တချို့ ရှိခဲ့တဲ့ နိုင်ငံတစ်ခု ပါ။ဥပဒေ ပညာရှင်တွေရဲ့ ယူဆချက် အရ ဖိလစ်ပိုင် နိုင်ငံရဲ့ ပြင်ပမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်များ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများ တရားစွဲဆို ဖို့အတွက် တကမ္ဘာလုံး ဆိုင်ရာ တရားစီရင် ပိုင်ခွင့်ကို သူတို့ရဲ့ တရားဥပဒေ နှင့် အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များ အရ ခွင့်ပြုထား တဲ့ နိုင်ငံ ဖြစ်ပါတယ်။

CW- မေလမှာ CHRO ရဲ့ တရားစွဲဆိုမှုကို ဖိလစ်ပိုင် တရားရုံးက ငြင်းပယ်ခဲ့တယ် ဆိုတော့၊ အဲဒါရဲ့ နောက်ကွယ်မှာ သူတို့ နိုင်ငံကိုယ်တိုင်က စစ်ကောင်စီ ကို ကာကွယ်ချင်တဲ့ သဘောမျိုး ရှိနိုင်လား။

CHRO-ကျွန်တော်တို့တော့ အဲလိုမယုံဘူး။ အခုငြင်းပယ်ခဲ့တဲ့ ကိစ္စက ဥပဒေရဲ့ စာသားအရှိအတိုင်း ဖတ်ရှုခြင်းပေါ်မှာ အခြေခံခဲ့တာပါ။ ဥပဒေ ပြဌာန်းချက်များကို အနက်ပြန်ပြီး ဖတ်ရှုခြင်း အပေါ်မှာ အခြေခံထား တာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံ၏ ပိုင်နက် ပြင်ပမှာ ကျူးလွန်ခဲ့တဲ့ ကြီးလေးသော ရာဇဝတ်မှုများကို တရားစွဲဆိုရန် အတွက် ဖိလစ်ပိုင် နိုင်ငံမှာ ဥပဒေ အခွင့်အာဏာ နှင့် တရားစီရင်ပိုင်ခွင့် ရှိတယ်၊ ဒီအမှု အတွက်လည်း သင့်လျော်တယ် ဆိုပြီး ကျွန်ုပ်တို့ ရှေ့နေတွေက ချေပ နေပါတယ်။

CW-အယူခံဝင်ဖို့ အစီအစဉ် က ဘယ် အခြေအနေ ထိ ရောက်ပြီလဲ။ အယူခံဝင်ခဲ့ရင် ဘယ်လောက်ထိ ထိရောက်မှု ရှိနိုင်လဲ ခင်ဗျ။

CHRO-ကျွန် တော်တို့ကတော့ အမှုကို ဆက်လက်လုပ်ဆောင်ဖို့ နှင့် အယူခံဝင်ဖို့ အတွက် ကိုယ့်ရဲ့ အားသာချက် အားလုံးကို ယူပြီး ရနိုင်တဲ့ နည်းလမ်းအားလုံးနဲ့ တရားရုံးချုပ်အထိ လျှောက်လှမ်းဖို့ အစီအစဉ်ထား ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ရဲ့ တရားစီရင်ရေးစနစ်အောက်မှာ ကျွန်တော်တို့ အနေနဲ့ လုပ်ပိုင်ခွင့်ရှိပါတယ်။

CW-ဖိလစ်ပိုင် ဗဟိုတရားရုံးက ထပ်မံ ငြင်းပယ် ခဲ့ရင် နောက်ထပ် ဆောင်ရွက် မယ့် အစီအစဉ် တွေကို ကြို ပြောလို့ အဆင်ပြေ မလား။

CHRO-ပြောလို့ ရပါတယ်။ ကျွန်ုပ်တို့က ဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်း အားလုံးကို ရှာဖွေနေပါတယ်။ တကယ်တမ်းကျတော့၊ ဖိလစ်ပိုင်နိုင်ငံ တစ်ခုမှာ သာ ရှေ့ဆက် လုပ်ဆောင်ရမယ် ဆိုပြီး ကျွန်တော်တို့ရဲ့ တွေးခေါ်မှုကို ကန့်သတ်မထားပါဘူး။ အာဆီယံဒေသတွင်းမှာရော ၊ တခြား ဒေသမှာပါ ရှိတဲ့ အခြား တရားစီရင် ပိုင်ခွင့်တွေကို ပါ စူးစမ်းလေ့လာ နေပါတယ်။

CW- လက်ရှိ စွဲဆိုတဲ့ အမှုတွေ နဲ့ အမှုရဲ့ သက်သေတွေ က ဘယ်လောက်ထိ ခိုင်မာမှု ရှိတယ် လို့ ပြော နိုင်မလဲ။ လက်ရှိ စွဲဆိုတဲ့ အမှုကို ဘယ်လို အမှုမျိုး လို့ မှတ်ချက် ပြုလို သလဲ။

CHRO-အမှုတွေရဲ့ ခိုင်ခံ့မှုနှင့် ကျွန် တော်တို့စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေ အပေါ်မှာတော့ ယုံကြည်မှု အပြည့်အဝ ရှိပါတယ်။ ကျွန် တော်တို့သက်သေအထောက်အထားတွေက တရားခွင် တစ်ခုခုမှာ မည်သည့် တရားစီရင်မှုကိုမဆို ကျော်လွှားနိုင်တယ်လို့ အခိုင်အမာ ယုံကြည် ထားပါတယ်။ အခု အမှုတွေက စစ် ကောင်စီတပ်က ဘာမှ မကျန်အောင် ဖျက်ဆီးပစ်ခဲ့တဲ့ထန်တလန်မြို့ကို တိုက်ခိုက်ခဲ့တဲ့ ကာလ အတွင်းမှာ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အတွက် သီးသန့် စွဲဆိုတဲ့ အမှုတွေ ပါ။စစ် ကောင်စီထိပ်တန်းခေါင်းဆောင်များအထိ ပါဝင်တဲ့ အမိန့်ပေးမှု အတွက် တာဝန်ရှိသူတွေ နှင့် ကျူးလွန်သူများကို အပြစ်ပေးနိုင်ဖို့အတွက် သက်သေပြရမယ့်အမိန့်တွေရဲ့ ကွင်းဆက်တွေလည်း ကျွန် တော်တို့ပိုင်ဆိုင် ထားပါတယ်။ ဂျီနီဗာကွန်ဗင်းရှင်း အရ တားမြစ်ထားတဲ့ လုပ်ရပ်တွေဖြစ်တဲ့ သတ်ဖြတ်မှုတွေ၊ အကာအကွယ်ပေးထားရမယ့် နေရာတွေဖြစ်တဲ့ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ အပါအဝင် ပြည်သူများရဲ့ ပိုင်ဆိုင်မှုများကိုပါ ဖျက်ဆီးခဲ့တာ၊ စသဖြင့် အရပ်သားတွေကို ရည်ရွယ်ချက် ရှိရှိ အကြမ်းဖက်ခဲ့တာတွေနဲ့ သူတို့က ပတ်သက်နေပါတယ်။ အဲတာတွေက အခြေခံ အားဖြင့် စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်။ လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်။ ဖိလစ်ပိုင် နိုင်ငံရဲ့ ဥပဒေ မူဘောင်က အဲလို သဘောသဘာဝ ရှိတဲ့ ပြစ်မှုတွေကို တရားစွဲဆိုနိုင်မယ့် အခွင့်အရေး ပေးထားပါတယ်။

CW - ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

Most read this week

September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...
August 29, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူအများစု ပြန်လာနေထိုင်လာကြသလို အနယ်နယ်အရပ်ရပ်က...
August 29, 2024
ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းအများစု လစာမရရှိတာ ၃ လနီးပါးကြာမြင့်လာပြီး...
August 26, 2024
ချင်းပြည်ကောင်စီ (CC)နဲ့ချင်းညီနောင်အဖွဲ့ (CB) အကြားတွေ့ဆုံမှုမျိုး မဟုတ်သေးဘဲ Crisis Management...