စစ်ကောင်စီက ဒီးမော့ဆိုကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ယနေ့ မနက် တိုက်ခိုက်မှုအတွင်း ၁ ဦး သေဆုံး

စစ်ကောင်စီက ဒီးမော့ဆိုကို နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ယနေ့ မနက် တိုက်ခိုက်မှုအတွင်း ၁ ဦး သေဆုံး

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ နဲ့ ယနေ့ စက်တင်ဘာ ၅ရက်နေ့တွေမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေကို အသုံးပြုပြီး ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ်အတွင်းက နန်းမယ်ခုံမြို့အနီးအနားကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယနေ့ မနက် ၁၀ နာရီဝန်းကျင် မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင်၅၀၀ ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့တယ်လို့ ကနဦးသိရပေမဲ့ တခြားထိခိုက်မှု အသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း(မ်) က စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

“ပေါင်၅၀၀ ‌ဗုံး နှစ်လုံးကြဲချတာကော ပွိုင့်8နဲ့ ၃ကြိမ်လာပစ်သွားတာရှိတယ်။ အမျိုးသားလား အမျိုးသမီးလားမသိဘူး။ အခုပြန်မေးကြည့်တော့လဲ မသေချာဘူးပြောနေတယ်။ သေတာတော့ တစ်ယောက်သေတယ်။ ဒါပေမဲ့ အထိအခိုက်များတယ်။” လို့ စစ်ရှောင်အရေးကူညီသူတစ်ဦးဖြစ်တဲ့ ကိုဖိုးဇော်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဗုံးကြဲပြီးနောက်မှာတော့ လက်ရှိ သတင်းရေးသားနေစဉ်မှာပဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာလဲ အလုံးကြီး (လက်နက်ကြီး)တွေ ထုလာနေပြီ” လို့ ဒီးမော့ဆို ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃နာရီခွဲဝန်းကျင် မှာလည်း နန်းမယ်ခုံမြို့ရဲ့ မြို့မရှမ်းရပ်ကွက် အနီးမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲသွားခဲ့ပြီး ထိခိုက်မှု မရှိခဲ့ဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“နန်းမယ်ခုံမြို့ရဲ့ မြို့မ ရှမ်းရပ်ကွက် အမှတ် ၂ ရဲစခန်း ရဲ့ မြောက်ဘက်တစ်မိုင်အကွာခန့်လောက်မှာ စစ်ကောင်စီက လေယာဥ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်။ အဲ့ဒါ မြို့မရှမ်းရပ်ကွက် ရဲ့ ရွာအစပ်မှာ ကျရောက်ပေါက်ကွဲခဲ့တာပေါ့နော်။ အဆောက်အဦး၊ နေအိမ်တွေကအစ အထိအခိုက်တော့ မရှိခဲ့ပါဘူး”လို့ ဦးဗညားက ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီးမော့ဆိုမြို့နယ်ထဲက ကျေးရွာတွေကို ဩဂုတ်လ တတိယပတ်ကနေ လက်ရှိအချိန်ထိ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေပြီး လက်ရှိမှာ လေယာဥ်ဗုံးကြဲတာတွေ လုပ်နေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၅)ရက်နေ့မှာလည်း လက်နက်ကြီး (၁၂၀) မမ (၄)လုံးကို ကျေးရွာဖက် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဒီးမော့ဆို အရှေ့ဘက်ကျေးရွာ ၂ရွာမှာ ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။

ထိုနည်းတူ ဩဂုတ်လ (၃၀)ရက်နေ့မှာလည်း ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်ကနေ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး စပါးခင်းနဲ့ ပြောင်းခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Most read this week

September 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ ဖယ်ခုံအင်း၊ မိုးဗြဲရေကာတာ...
September 16, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ပွန်ချောင်း စစ်ရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့...
September 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆို အနောက်ဖက်ခြမ်းတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းတစ်ခုမှာ...
September 13, 2024
မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေတွေနဲ့အတူ မြှင့်တက်လာတဲ့ချောင်းရေ၊ မိုးရေကြောင့် ကရင်နီနဲ့...