တအာင်း တပ်မတော်-TNLA ကို ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်မည်ဟု တရုတ် ခြိမ်းခြောက်စာပို့

တအာင်း တပ်မတော်-TNLA ကို ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်မည်ဟု တရုတ် ခြိမ်းခြောက်စာပို့

သျှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် တအာင်း တပ်မတော်- TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ခြိမ်းခြောက်စာ ပေးပို့ထားကြောင်း သိရသည်။

ဩဂုတ်လ ၂၉ ရက်နေ့ ရက်စွဲ တပ်ထားသည့် အဆိုပါ စာတွင် တရုတ်နယ်စပ်ဒေသ နယ်စပ် အရပ်သူ အရပ်သားများနှင့် မြန်မာပြည်တွင်းရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သော လုံခြုံမှုများ အာမခံပေးရန်၊ တရုတ်ပြည် နယ်စပ်ဒေသ အေးချမ်း တည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသား အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူများ ပပျောက်အောင် ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

သို့မဟုတ်ပါက တရုတ်ဘက်က ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများ ပိုမိုလုပ်ဆောင်မည် ဖြစ်ပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်အားလုံးကို သင်တို့ တာဝန်ယူရမည်ဟု ခြိမ်းခြောက် ဖော်ပြထားသည်။

ယင်းစာနှင့် ပတ်သက်၍ “မူဆယ်ကိစ္စကို ရည်ညွှန်းတာလို့ပဲ သုံးသပ်တယ်။ မူဆယ်မှာ စစ်မဖြစ်ဖို့ တရုတ်က TNLA ကို နာမည်တပ်ပြီးတော့ စစ်ကောင်စီကိုရော တခြား အဖွဲ့တွေကိုရော သတိပေးတာလို့ပဲ မြင်တယ်။ မူဆယ်မှာ တရုတ်ကျားဖြန့်ဂိုဏ်းတွေကို မြို့မပြည်သူ့စစ်က အကာအကွယ်ပေးနေတာ၊ ခံစစ်ပြင်နေတာကို ရွှေလီ အာဏာပိုင်တွေက အမြင်မကြည်ဘူး။ ” ဟု တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက သုံးသပ်သည်။

ထို့အပြင် တရုတ်ဘက်က အပြုသဘောဆောင်သည့် အခန်း ကဏ္ဏမှ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကူညီပြီး တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးများ ရရှိစေရန်၊ ကျန်းမာစွာ နေထိုင် ဖွံ့ဖြိုးရေး အကောင်အထည်ဆောင်ရန် ကူညီပေးမည်ဟု အဆိုပါ စာတွင် ဖော်ပြထားသည်။

အဆိုပါစာသည် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ပေးပို့သည့်စာ ဖြစ်သဖြင့် တရုတ် ဗဟိုအစိုးရ၏ သဘောထား ဟုတ်မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိ သျှမ်းမြောက် သီပေါနှင့် တောင်ခမ်းဒေသတွင် TNLA မဟာမိတတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ် အထိနာနေစဥ် ယခုကဲ့သို့ ခြိမ်းခြောက်စာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နေပြည်တော် သတင်းရင်းမြစ်၏ အဆိုအရ တရုတ်၏ ညှိနှိုင်းမှုဖြင့် ညီနောင်မဟာမိတ်များနှင့် စစ်ကောင်စီ ဆွေးနွေးပွဲများ မကြာမီ ပြန်စရန် ရှိနေပြီး အသေးစိတ် အချက်အလက်များ ညှိနှိုင်းနေကြောင်း ဆိုသည်။

ယခုလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ် သံအမတ်သစ်သည် စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် စစ်ကောင်စီ ဝန်ကြီးများနှင့် ဆက်တိုက် တွေ့ဆုံနေရာ ဩဂုတ်လ ၂၈ ရက်နေ့က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန် အခြေစိုက် တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...