ရှမ်းပြည်က ကရင်နီစစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်

ရှမ်းပြည်က ကရင်နီစစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ အလယ်ကယန်းဒေသ (အလယ်ပဒေါင်ကျေးရွာအုပ်) စနိုက်ခေါင်းစံကျေးရွာမှာရှိတဲ့ ကရင်နီ စစ်ဘေးရှောင်တွေအတွက် အလှူရှင်နည်းပါးလာတာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်စခန်းရဲ့ ဥက္ကဌက ပြောပါတယ်။

“ အခက်အခဲတော့ စားဝတ်နေရေးပေါ့ ဆန်တွေမရှိဘူး၊ အလှူရှင်တွေလည်း မပေါ်လာတဲ့ခါမှာဆို အဖက်ဖက်က အစာအာဟာရတွေ ထောက်ပံ့ဖို့လိုတယ်။ နောက် ခနခနဖျားတော့ ဆေးဝါးတွေလိုတယ်။ အမိုး၊ မိုးကာတွေလည်း လိုတယ်။ အဲ့ဒါတွေလည်း အခက်ခဲရှိသလို စားဖို့ဆန်တွေလည်းမရှိဘူး။ တစ်နေ့လုပ်တစ်နေ့စား ကျပန်း အလုပ်ရှာလုပ်ပြီးမှ ဆန်တွေဝယ်စားရတယ်။ တချို့ကြတော့လည်း မရှိတဲ့အချိန်မှာ ဆန်ပြုတ်တွေ စားရတာပေါ့” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ကို တစ်ဦးလျှင် တစ်ပြည်နှုန်းနဲ့သာ နောက်ဆုံးရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကုန်ဈေးနှုန်းတွေ ပိုမိုမြှင့်တက်လာတာကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆီ ၊ ကြက်ဥ ၊ ငါးခြောက် တွေကို မဝယ်စားနိုင်ကြတော့ဘူးလို့လည်း သူကဆက်ပြောပါတယ်။

“ဈေးတက်တဲ့ခါကျတော့ ဆန်တစ်ခုပဲလုံးပန်းရတာပေါ့။ ဥပမာ- ဆီတို့ ကြက်ဥတို့ဆို မဝယ်စားနိုင်တော့ဘူး။ အလှူရှင်လည်းမရှိ ဒီမှာလည်းမဝယ်စားနိုင်တဲ့ခါ အခက်ခဲများကြီးရှိတယ်။ ဆေးဖိုးဝါးခတွေလည်း မဝယ်နိုင်ဘူးပေါ့။ အဲ့တော့ ရုန်းကန်နေရတယ်။” လို့ စစ်ရှောင်ဥက္ကဌက ဆက်ပြောပါတယ်။

စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ ကရင်နီစစ်ရှောင်တွေဟာ စားဝတ်နေရေးအခက်ခဲတွေ ပိုမိုကြုံတွေ့လာရပြီး ပြီးခဲ့တဲ့လတွေက ရရှိခဲ့တဲ့ ရိက္ခာတွေက စစ်ရှောင်တွေအတွက် အနည်းကျဉ်းသာ လုံလောက်မှုရှိတယ်လို့လည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးအဖက်ဖက်ကနေ အခက်ခဲများကြီးရှိတာပေ့ါ။ မိုးကာတွေ ဟောင်းသွားတော့ အသစ်ဝယ်ဖို့ အခက်ခဲရှိတာမျိုး အလှူရှင်တွေပေးတဲ့ ဆန်တွေကလည်း လုံလောက်မှုမရှိဘူးပေါ့နော။ သူတို့ပေးတဲ့ရိက္ခာတွေက တစ်ပတ် နှစ်ပတ်လောက်ပဲ လုံလောက်တယ်။ အလှူရှင်တွေလည်း လာတာနည်းပါးသွားတော့ အခက်ခဲတွေ များကြီးကြုံရတယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ လွိုင်ကော်မြို့နယ် ၊ ဒီးမော့ဆို မြို့နယ်မှ လာရောက်တိမ်းရှောင်ကြတဲ့သူ အများစုဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်ပြန်လို့မရသေးတာကြောင့် စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ကျေးရွာခံတွေရဲ့ လုပ်ငန်းတွေမှာ နေ့စားအလုပ်လုပ်ပြီး ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။

စနိုက်ခေါင်းစံကျေးရွာမှာ လာရောက်ခိုလှုံနေထိုင်တဲ့ စစ်ဘေးရှောင် လူဦးရေ (၂၃၀) ဦးရှိပြီး စားနပ်ရိက္ခာ၊ မိုးကာ ၊ ဆေးဝါး လိုအပ်နေတယ်လို့ ဆိုပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...