မောင်တောမြို့ပေါ်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ မြို့ခံ ၄ ဦး ဒဏ်ရာရ၊ နေအိမ်အချို့မီးလောင်

မောင်တောမြို့ပေါ်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၍ မြို့ခံ ၄ ဦး ဒဏ်ရာရ၊ နေအိမ်အချို့မီးလောင်

ရခိုင်ပြည်၊ မောင်တောမြို့အား စစ်ကောင်စီ‌က ဂျက်တိုက်လေယာဉ်များဖြင့်တိုက်ခိုက်မှုကြောင့် မြို့ပေါ်၌ကျန်နေသည့်ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း မီးလောင် ပျက်စီးသွားကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ မောင်တောမြို့၊ အမှတ်(၁) ရပ်ကွက်မှ အသက် ၈၀ ကျော်အရွယ် ဦးကျော်မောင်၊ အလယ်ရွာမှ ဦးထွန်းထွန်း(၅၃)နှစ်၊ အမှတ်(၃)ရပ်ကွက် ဝိမလမှ ဦးဘလှ (၆၂)နှစ်နှင့် အမည်မသိဒေသခံ တစ်ဦးတို့ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက မောင်တောမြို့ပေါ် နေရာအနှံ့အား ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဩဂုတ်လ ၂၁ ရက်၊ မနက် ၉ နာရီကျော်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီကျော်၌ Y-12 ဖြင့် တစ်ကြိမ်၊ ညနေ ၇ နာရီကျော်၌ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တစ်ကြိမ် ဗုံးများကြဲချခဲ့၍ ယခုကဲ့သို့ အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်သည်ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

"လေကြောင်းနဲ့ မြို့ပေါ်ကိုဗုံးချတာအသက်ကြီးပိုင်း ၂ ဦးနဲ့ လူလတ်ပိုင်း ၂ ဦးဒဏ်ရာ ရသွားတယ်။ နေအိမ်တွေမှာ ဗုံးကျ‌ပေါက်တာ။ ဗုံးစတွေ ခန္ဓာတစ်ခုလုံးထိမှန်သွားတယ်။လက်နဲ့‌ ခြေမှာဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။အရေးပေါ်ဆေးကုသနေရတယ်"ဟု ပြောသည်။

ဒဏ်ရာရရှိသူများသည် လက်ရှိတွင် အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိကြသည်။

သူတို့သည် မောင်တောမြို့တွင် ပိတ်မိနေကြသည့် ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူများအား အာရက္ခတပ်တော်(AA)က ကယ်ထုတ်ကြစဉ် အကြောင်းအမျိုးမျိုးကြောင့် မြို့၌ ကျန်ရှိနေခဲ့သူများ ဖြစ်ကြသည်ဟု သိရသည်။

ယမန်နေ့ဩဂုတ်လ ၂၂ ရက်ကလည်း မောင်‌တောမြို့ပေါ်အား စစ်ကောင်စီက လေကြောင်းမှ တစ်နေကုန်နီးပါးဗုံးချခဲ့၍ နေအိမ်အချို့မီးလောင်ခဲ့ရကြောင်းလည်း ဒေသခံ မွတ်ဆလင် တစ်ဦးက ပြောဆိုသည်။

" ဖေဇီရွာ၊ နာရီစင်တစ်ဝိုက်နဲ့ ရပ်ကွက်အချို့က‌ နေအိမ်တွေမီးလောင်ခဲ့တယ်လို့တော့ ကြားသိရတယ်" ဟု‌ ပြောဆိုသည်။

မောင်တောမြို့ပေါ်နှင့် နခခ(၅)အနီးပတ်လည်အားယမန်နေ့ မနက်အရုဏ်မှစတင်ကာ ညနေ ၅ နာရီကျော်အထိ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာ‌ရောက် ဗုံးချခဲ့သည်ဟုလည်း သိရသည်။

မောင်တောမြို့ အနီးရှိ နခခ(၅)ကိုလည်း AA က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေကြောင်း သိရသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...