ထန်းတပင်မြို့နယ်အရှေ့ဘက်တွင် လမ်းသွားလမ်းလာ လူငယ်အမျိုးသား(၅၀)ဦးခန့် ဖမ်းဆီးခံရ

ထန်းတပင်မြို့နယ်အရှေ့ဘက်တွင် လမ်းသွားလမ်းလာ လူငယ်အမျိုးသား(၅၀)ဦးခန့် ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အရှေ့ဘက် ကျေးရွာများရှိ တောင်ငူ-ထန်းတပင် လမ်း ဟောင်းပေါ် လမ်းသွားလမ်းလာလူငယ် (၅၀)ဦးခန့် ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီး ခြင်းခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ထန်းတပင်၊ ရေကျော်၊ ကရင်နီကုန်း၊ ရွှေဈေး အစရှိသော ယခင် ထန်းတပင်-တောင် ငူလမ်းဟောင်းပေါ်သို့ ဖြတ်သန်းသွားလာသူ လူငယ်အမျိုးသားများအား စစ်ကောင်စီတပ်က အကြောင်းပြချက်မရှိ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုနေ့တစ်ရက်တည်း လူငယ်(၅၀)ဦးဝန်းကျင် စစ်ကောင်စီလက်ဝယ်ပါရှိသွားသည်ဟု ဒေသခံရွာသားများထံမှ သိရသည်။

ရွာခံအမျိုးသမီးတစ်ဦးက “ကားလမ်းပေါ်ကလူတွေကိုလည်း လိုက်ဖမ်းတယ်။ လူတွေက လမ်းပေါ်မှာသွားနေကြတာ အဲဒါကိုဆိုင်ကယ်ရပ်ခိုင်းပြီးတော့ကို ဆွဲတာ၊ အဲဒီထဲမှာ ရွှေဈေးရွာမှာ အလုပ်သွားလုပ်တဲ့သူတွေလည်းပါတယ်။ ရွှေဈေးဘက်ကဆို အိမ်တွေပေါ်ထိတက်ဆွဲတယ်လို့ ကြားတယ်။ အကုန်ယောက်ျားလေးတွေချည်းပဲ” ဟု ၎င်းမြင်တွေ့ခဲ့ရသည်ကို ပြောပြသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဂိတ်များက ဖြတ်သန်းသွားလာသူ လူငယ်များအား စစ်ဆေးဖမ်းဆီးမှု ယခင်ကတည်းက လုပ်ဆောင်လေ့ရှိသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အတင်း အဓမ္မစစ်မှုထမ်းခိုင်းရန်ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးမှုပိုများလာသည့်အပြင် နေအိမ်ထိဝင်ရောက်ဖမ်းဆီး နေကြခြင်းဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောသည်။

“ရွာကလူတွေ ရွှေဈေးမှာရွှေသွားကျင်ကြတာ၊ တစ်ရက်ပဲလုပ်လိုက်ရတယ် နောက်နေ့လိုက်ဖမ်းလို့ တောထဲပြေးပုန်းရတယ်။ ညရောက်မှအလုပ်ရှင်ကပြန်လာရှာလို့ အလုပ်ရှင်အိမ်ပြန်ရောက်တာ။ အဲဒီ အလုပ်ရှင်ရဲ့အိမ်ရှေ့ကအလုပ်သမား(၅)ယောက်လည်း ဖမ်းခံရတဲ့အထဲမှာပါတယ်။ ပေါ်တာဆွဲတယ်ပြောတာပဲ” ဟု နောက်ထပ်ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီဘက်က မြို့နယ်အတွင်း ဖမ်းဆီးမှုများ လုပ်ဆောင်လာသဖြင့် လူငယ်များမှာ အလွယ်တကူ အသွားအလာမလုပ်ရဲကြတော့သလို သတိထားနေထိုင်ရကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရ သည်။

၎င်းအပြင် တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် စစ်ကောင်စီနှင့်၎င်းလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စစ်မှုထမ်းသင်တန်းအတွက် လူစုဆောင်းရန် ယခင်ကထက်ဖမ်းဆီးမှု ပိုမိုလုပ်ဆောင်လာနေ၍ ဒေသနေလူငယ်များ၏ လွတ်လပ်စွာနေထိုင်သွားလာရေး ဆုံးရှုံးနေရသည်ဟု ပြည်တွင်းအခြေစိုက်မီဒီယာအချို့က ဖော်ပြသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...