“ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့"ဖွဲ့စည်းခြင်းသည် စစ်ကောင်စီ၏ ယိုယွင်းလာသည်ကို ဖော်ပြနေခြင်းဖြစ်ဟုဆို

“ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့"ဖွဲ့စည်းခြင်းသည် စစ်ကောင်စီ၏ ယိုယွင်းလာသည်ကို ဖော်ပြနေခြင်းဖြစ်ဟုဆို

စစ်ကောင်စီက နိုင်ငံတဝန်းတွင် ရပ်ကွက်နှင့်ကျေးရွာအဆင့်အထိ လက်နက်များ တပ်ဆင်ပေးမည့် "ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့"အမည်ရှိ အဖွဲ့တစ်ခုကို ဩဂုတ် ၁၆ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့"ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းရာ ယခုလို ပြောဆိုသည်။

"ဒါက အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ယိုင်နဲ့လာတာကို ပြသနေတာ ဖြစ်တယ်။  နောက်ပြီးလို့ရှိရင်  အကြမ်းဖက်စစ်ကောင်စီတပ်တွေ စိတ်ဓာတ် ရေးရာတွေ ပျက်ပြားပြီး ကမောက်ကမဖြစ်လာတာတွေ၊ အဲလိုဟာတွေကို ပြန်ပြီးတော့ ထိန်းသိမ်းဖို့ အတွက် သူတို့ဟာ တစ်နိုင်ငံလုံးနဲ့ခြုံပြီးတော့ အရေးပေါ်ကော်မတီတစ်ရပ် ဖွဲ့စည်းတဲ့ အနေအထားမျိုးလို့ ကျနော်က အဲလိုတော့ မြင်ပါတယ်။ ဆိုတော့ ပြောရမယ်ဆိုရင် ယိုယွင်း လာတဲ့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းဖို့အတွက် အရေးပေါ်ကော်မတီကို ဖွဲ့ပြီးတော့ အခြေအနေကို ထိန်းသိမ်းဖို့ကြိုးစားတာပါ"ဟု ပြောသည်။

ယခုအဖွဲ့ ဖွဲ့စည်းခြင်းသည် AA အပါအဝင် တိုင်းရင်းသားနက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေး အင်အားစုများအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါသလားဟု ဦးခိုင်သုခအား ဆက်လက် မေးမြန်းရာ ယင်းမေးခွန်းကိုဖြေရန် အချိန်စောသေးသည်ဟု ဖြေကြားသွားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုအဖွဲ့ ဖွဲ့စည်းခြင်းသည် လက်ရှိ စစ်အာဏာရှင်အားတိုက်ခိုက်နေသည့် လက်နက်ကိုင်တော်လှန်ရေး အတွက် ကြီးမားသည့် အနှောင့်အယှက်မဖြစ်နိုင်ဟု သုံးသပ်ပြောသည်။

"ဒါတော့ အနှောင့်အယှက်တော့ နည်းနည်းတော့ သက်ရောက်မှုတော့ တစ်စုံတရာ ရှိမှာပါ။ ဒါပေမဲ့ ကြီးကြီးမားမားသက်ရောက်မှုမရှိနိုင်ပါဘူး။ အခုကလည်း သာမန်ပြည်သူလူထုဆိုတဲ့ အထဲမှာလည်း အသက်အရွယ်အရရော၊ စစ်မှုထမ်းဥပဒေအရရော၊ ကန့်သတ်ချက်တွေက အကုန်ပြည့်သလောက် ဖြစ်နေပါပြီ။ အဲတော့ သိပ်ပြီးတော့ ထိထိရောက်ရောက် ဖြစ်စရာလည်း အကြောင်းမရှိတော့ပါဘူး"ဟု ပြောသည်။

"ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့" ၏ လုပ်ငန်း တာဝန်များတွင် နေပြည်တော်အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းပြီး ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်းရန်နှင့် လက်နက်များ တပ်ဆင်ခြင်းများကို ကွပ်ကဲရန် စသည့် အချက်များအပါအဝင် အချက် ၁၃ ချက် ပါရှိသည်ဟု သိရသည်။

ထိုအဖွဲ့တွင် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၂)နှင့် ဥက္ကဋ္ဌက တာဝန်ပေးအပ်သူက အတွင်းရေးမှူး အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

အလားတူ အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်နှင့် တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်အားလုံးမှ ဒုတိယတိုင်းမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ ဌာနချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စီမံရေးနှင့် တာဝန်ဌာန၊ တာဝန်ဌာနခွဲမှ စစ်ဦးစီးဗိုလ်မှူးကြီး (တာဝန်)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ကိုလည်း ထည့်သွင်း ဖွဲ့စည်းထားသည်။

Most read this week

September 21, 2024
ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု...
September 20, 2024
ရခိုင်ပြည်၊မောင်တောမြို့ ၃ မိုင်နှင့် မကျည်းချောင်းကျေးရွာအနီးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ...
September 20, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများအား အကြောင်းမဲ့ ဖမ်းဆီးမှုများကို...
September 19, 2024
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ အနောက်ရဲမွတ်ဆလင်ဒုက္ခသည်စခန်းတွင် ဝမ်းပျက်ဝမ်းလျှော...