ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း ဝယ်မရ၊ တကိုယ်ရေသုံးပစ္စည်းများလည်း လိုအပ်နေ

ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က စစ်ရှောင်အမျိုးသမီးများ လစဉ်သုံးပစ္စည်း ဝယ်မရ၊ တကိုယ်ရေသုံးပစ္စည်းများလည်း လိုအပ်နေ

ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် ( တနည်းအားဖြင့် ရှားတောမြို့နယ်) အတွင်းက ဒေသခံနဲ့ စစ်ဘေးရှောင် အမျိုးသမီးများဟာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ ဝယ်မရတော့ဘဲ အဝတ်စတွေနဲ့သာ အသုံးပြုနေကြရတယ်လို့ ဒေသခံ လူငယ်အမျိုးသမီးတွေဆီကနေ သိရှိရပါတယ်။

“ကျမ တို့ ဆိုမိုဖေစိုးလေးမြို့နယ်က စစ်ရှောင်တွေမှာက တကိုယ်ရေနဲ့ အမျိုးသမီးကပ်ခွာသုံး အရမ်းလိုတယ်ပေါ့နော်။ လိုတယ်ဆိုတာကလည်း လမ်းကြောင်းကလည်း သယ်ယူလို့ အဆင်မပြေဘူး။ ပြီးတော့ စျေးဆိုင်တွေမှာဆိုရင်လည်း ကပ်ခွာတွေ၊ အမျိုးသမီးလစဉ်သုံးတွေက မရောင်းတော့ အမျိုးသမီးအတွက် အရမ်းအရေးကြီးတယ်ပေါ့နော်။ အရေးကြီးတော့ အဲ့ဒါတွေ ပြတ်လပ်နေတယ်။ ဝယ်ချင်တောင်မှ ဝယ်လို့မရတဲ့အခြေအနေမှာ ရှိတယ်။” လို့ ဆိုမိုဖေစိုးလေး (ရှားတော)မြို့နယ်ရဲ့ ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်မဲမို က လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

ဆိုမိုဖေစိုးလေး ( ရှားတော) မြို့နယ်ကို ဝင်ထွက်တဲ့ လမ်းကြောင်းတွေပိတ်နေတဲ့အတွက် ကုန်ပစ္စည်းတွေကို ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။ စျေးဆိုင်တွေမှာလည်း လက်ကျန်ပစ္စည်းတွေသာ ကျန်ရှိနေပြီး တကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေလည်း ပြတ်လပ်နေတယ်လို့ သိရပါတယ်။

တချို့သော အမျိုးသမီးတွေမှာ အဝတ်အထည်တွေ များများစားစားမရှိတဲ့အတွက် အတွင်းခံတစ်ထည်တည်းနဲ့သာ ဓမ္မတာလာချိန်ကို ဖြတ်သန်းနေကြရသလို တချို့သူတွေမှာတော့ ထဘီကိုခေါက်ပြီး အသုံးပြုနေကြတာရှိတယ်လို့ ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကပ်ခွာက မဝယ်နိုင်တဲ့အခြေအနေလို့ပြောရင် ပိုအဆင်ပြေမယ်ထင်တယ်။ February ကတည်းကလို့ ခန့်မှန်းရမယ်ထင်တယ်။ အလှူရှင်တွေ လာရင်လည်း တစ်အိမ်ကိုတထုပ်ပဲ ရတာဆိုတော့ တလစာအတွက်ပဲ ဖြေရှင်းလို့ရတာပေါ့နော။” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေအပြင် ဆိုမိုဖေစိုးလေး ( ရှားတော) မြို့နယ်ကို ဝင်လာတဲ့ လမ်းကြောင်းတွေ ပိတ်နေတာကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပြင် တကိုယ်ရည်သုံးဆပ်ပြာ၊ အဝတ်အထည်၊ ဖိနပ် စတဲ့ ပစ္စည်းတွေကို ဝယ်ယူလို့မရတော့ဘူးလို့ ဆိုမိုဖေစိုးလေး လူငယ်ဥက္ကဌဖြစ်သူ ခူးကူးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ရှောင်မှာဆိုရင် သိတဲ့အတိုင်းဘဲ စျေးဆိုင်မှာဆိုရင် အဝတ်အစားကစ ဖိနပ်တွေပေါ့ ရောင်းတဲ့လူလည်းမရှိဘူး။ သူတို့က သွားဝယ်မယ်ဆိုလည်း တချို့ဆို လမ်းအခြေအနေလည်း မသိဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲခါကျတော့ တချို့ဆို အရင်တုန်းက ရှိတဲ့ဟာနဲ့ဘဲ သူတို့ ဝတ်စားနေခါကျတော့လည်း အဝတ်အစားတွေကစ မသန့်ရှင်းတာဖြစ်တယ်။” လို့ ခူးကူးရယ်က ပြောပါတယ်။

အဝတ်အထည်တွေလည်း ဝယ်ယူစရာနေရာမရှိတဲ့အပြင် ငွေကြေးအခက်အခဲတွေကြောင့် ရှိနေတဲ့အဝတ်တွေကိုသာ အသုံးပြုနေကြတာပါ။ ယခုလိုမိုးရာသီမှာ အတွင်းခံတွေဟာ မခြောက်နိုင်ဘဲ ပြန်ဝတ်ရတာကြောင့် အရေပြားအရောဂါ တွေလည်း ဖြစ်ပွားလာပါတယ်။

“ခုနကပြောတဲ့ အတွင်းခံမခြောက်တဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရေပြားရောဂါ စွဲကပ်လာတွေတွေ့တယ်။ တကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်တွေ မဝယ်နိုင်တဲ့အခါကျတော့ ပန်းကန်တွေဆေးဖို့ ဖျော်သုံးနေကြတဲ့ ဖျော်စပ်ဆပ်ပြာရည်ကိုပဲ အဝတ်လျှော်တယ်၊ ခေါင်းလျှော်တယ်၊ ကိုယ်တိုက်ဆပ်ပြာအနေနဲ့လည်း သုံးနေကြတာတွေ့တယ်ပေါ့။” ဒေသခံအမျိုးသမီးလူငယ်တစ်ဦးက ဆက်ပြောပါတယ်။

ဆိုမိုဖေစိုးလေးမြို့နယ် ( တနည်းအားဖြင့် ရှားတောမြို့နယ်) ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တော်လှန်ရေးတပ်တွေကနေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ စစ်ဘေးရှောင်တွေမှာ မြေမြှပ်မိုင်းအန္တာရာယ်၊ လေကြောင်းအန္တာရာယ်တွေကြောင့် နေရပ်ပြန်လာနေထိုင်ခြင်း မရှိသေးပါဘူး။

ဆိုမိုဖေစိုးလေး မြို့နယ်( ရှားတော) မှာ စစ်ဘေးရှောင်စခန်း ၃ ခု၊ အိမ်ခြေ ၃ ရာကျော်နဲ့ စစ်ဘေးရှောင်ဦးရေ ၃ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...