တော်လှန်ရေးရဲဘော်တွေကို လူထုဆန့်ကျင်ရေးမလုပ်ကြဖို့ နဲ့ လူထုနောက်မြီးဆွဲ မပြုလုပ်ကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် သတိပေး

တော်လှန်ရေးရဲဘော်တွေကို လူထုဆန့်ကျင်ရေးမလုပ်ကြဖို့ နဲ့ လူထုနောက်မြီးဆွဲ မပြုလုပ်ကြဖို့ ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် သတိပေး

လူထုတော်လှန်ရေးဆင်နွဲနေတဲ့ချိန်မှာ ကရင်နီပြည်က တော်လှန်ရေးရဲဘော်တွေအနေနဲ့ လူထုဆန့်ကျင်ရေးမလုပ်ကြဖို့ ၊ လူထုနောက်မြီးဆွဲ မပြုလုပ်ကြဖို့နဲ့ လူထုကိုသာ ယုံကြည်ရမယ်လို့ ကရင်နီပြည်တပ်မတော် (KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေးပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုဆိုသည့်နေရာမှာ အချောင်သမားများ ၊ နိုင်ငံရေး အချောင်သမားများ၊ ကိုယ်ကျိုးရှာစီးပွားရေး ၊ အချောင်သမားများမပါဝင်ဘူးလို့ ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါတယ်။ အဲ့ဒီ အချောင်သမားတွေကိုလည်း သတိထားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ကရင်နီပြည်မှာရှိတဲ့ နိုင်ငံရေးပါတီ ၊ နိုင်ငံရေးသမားတွေလည်း ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးဖို့ကိုလည်း ဗိုလ်မှူးချုပ်အောင်မြတ်က ထပ်လောင်းပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့မှာ ကရင်နီပြည်တပ်ပေါင်းစုံ တပ်မှူးတပ်သားများ ၊ ကရင်နီပြည်တပ်မတော်တပ်မှူး တပ်သားများ ၊ KNDF တပ်မှူးတပ်သားများ ၊ ကရင်နီပြည်ရှိ KPDF များ နဲ့ ပြည်သူလူထုတွေကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုထားတာပါ။

ကရင်နီပြည် အမျိုးသား တော်လှန်ရေးဟာ အမြဲတမ်းအတက်အကျရှိခဲ့ပြီး ဒီမိုကရေစီကြောင့်သော်လည်းကောင်း ၊ ဝါဒရေးရာ အယူအဆကွဲပြားမှုကြောင့်သော်လည်းကောင်း အကွဲကွဲ အပြားပြားခဲ့ရသလို ကရင်နီပြည်တပ်မတော်သားတွေလည်း အလူးအလူးခံခဲ့ရတယ်လို့ ဗိုလ်မှူးချုပ်က ပြောပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဒီမိုကရေစီအရေး ၊ တန်းတူရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို နှစ် (၇၀) ကျော် တောင်းဆိုလာခဲ့ပြီး ယနေ့တိုင်မရရှိသေးဘူးလို့ ဆိုထားပါတယ်။

အခုအချိန်ဟာ ကရင်နီအမျိုးသား စည်းလုံးညီညွတ်မှုဟာ ထိပ်ဆုံးရောက်နေပြီဖြစ်ပြီး ကိုယ့်ကံကြမ္မာဖန်တီးပိုင်ခွင့် ရရှိအောင် လုပ်ဆောင်ပြီး တခြားတိုင်းရင်းသားတွေနဲ့အတူ တိုက်ပွဲဝင်သွားရမယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ်က တိုက်တွန်းပါတယ်။

ဒါ့အပြင် ယနေ့လူငယ်တွေ လက်နက်ကိုင်ပြီး တော်လှန်ရေးစစ် ဆင်နွဲနေမှုအပေါ်မှာလည်း ဝမ်းမြောက်ဂုဏ်ယူမိပြီး လူငယ်တွေဟာ နောင်တစ်ချိန်မှာ တိုင်းပြည်ရဲ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမယ်ဆိုတဲံ ခံယူချက်နဲ့ အလုပ်လုပ်ဖို့ကို ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားပါတယ်။

“ ခများတို့ လူငယ်တွေဟာ နောင်တစ်ချိန်အနာဂတ်မှာ တိုင်းပြည်ရဲ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမည့်လူတွေဖြစ်တယ် ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့လိုတယ် ၊ ခံစားချက်နဲ့ မလုပ်ကြပါနဲ့ ။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ။ ယခုအချိန်မှစပြီး အလေ့အကျင့်များ လုပ်ဆောင်သွားရန်လိုတယ်။ ခများတို့ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကို ဘယ်နားသွားထားမလဲ ဆိုတာကိုတော့ လူငယ်ရဲဘော်များ တပ်မှူးများ နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကို ဆက်လက် ချီတက်သွားကြဖို့ ပြောကြားလိုသည်။” လို့ ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားပါတယ်။

ကရင်နီပြည်တပ်မတော် ဥပဒေ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက် ၊ လူထုဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများကို လိုက်နာကြဖို့ နဲ့ ကမ္ဘာအရပ်ရပ်မှ ပြဌာန်းထားတဲ့ လူ့အခွင့်အရေးဆိုင်ရာစာချုပ်များ ၊ စစ်သုံ့ပန်းဥပဒေများ ၊ စစ်မြေပြင်မှာ စစ်သားများ လိုက်နာရမယ့် ကျင့်ဝတ်များ ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများကို အထူးကာကွယ်စောင့်ရှောက်ဖို့ ကရင်နီပြည်တပ်မတော်နေ့မှာ ဗိုလ်မှူးချုပ်က အထူးမှာကြားထားပါတယ်။

ကရင်နီပြည်တပ်မတော်ဟာ ၁၉၄၈ခုနှစ်မှစပြီး ဒီကနေ့အထိ ကရင်နီပြည် အစိုးရ၏ အုပ်ချုပ်မှုအောက်မှာ တည်ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး လူမျိုးတစ်မျိုးတည်း ၊ အမျိုးသားကို ကိုယ်စားပြုတာမဟုတ်ဘဲ တိုင်းပြည်တစ်ခုတည်းကိုသာ ကိုယ်စားပြုတယ်လို့ ဗိုလ်မှူးချုပ်အောင်မြတ်က ပြောဆိုထားပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...