အထွေထွေသပိတ်ကော်မတီကို နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲဖွဲ့စည်း

အထွေထွေသပိတ်ကော်မတီကို နိုင်ငံရေးအင်အားစုအဖြစ် ပြောင်းလဲဖွဲ့စည်း

လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ(General Strike Committee of Nationalities-GSCN)ကို လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သောမဟာမိတ် အင်အားစု(Generation Solidarity Coalition of Nationalities-GSCN) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ဩဂုတ် လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် သပိတ်လှုပ်ရှားမှုမှ တဆင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေး လှုပ်ရှားမှုများ ကို လုပ်ဆောင်နေပြီးဖြစ်၍ ယခု ဩဂုတ်လဆန်းပိုင်းတွင် ကျင်းပခဲ့သော GSCN ၏ ဒုတိယ ညီလာခံမှ ဆုံးဖြတ် အတည်ပြု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု GSCN ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းပြည်၏ နှစ်ကာလရှည်ကြာ ဖြစ်ပေါ်နေသည့် လူမျိုးစုတန်းတူညီမျှရေး၊ နိုင်ငံရေး တန်းတူညီမျှမှု နှင့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်သည့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းပြောင်း လဲရာတွင် လူမျိုးစု လူငယ်များ၏ နိုင်ငံရေး စုဖွဲ့မှုမှာအရေးကြီးခြင်းကြောင့် ယခုလို စုဖွဲ့ပြောင်း လဲရခြင်းဖြစ်ကြောင်း လက်ရှိ GSCN ၏ ဥက္ကဌ နုနုလှိုင်က ပြောသည်။

၎င်းက “မျိုးဆက်များလို့ ပြောတဲ့အခါကျတော့ အများစုက လူငယ်တွေဖြစ်တယ်။ အဲ့လူငယ်တွေက လူမျိုး စုတော်တော်များများကို စုစည်းထားတာဖြစ်တဲ့အတွက် ကျမတို့ နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး၊ နိုင်ငံရေး ပြဿနာတွေကို ဒီအဖွဲ့အစည်းအနေနဲ့ အနာဂတ်မှာ ငြိမ်းချမ်းရေး ဖက်ဒရယ် ပြည်ထောင်စု ရရှိတဲ့အထိကို ကျမတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ဒီကနေ့ အခင်းအကျင်းမှာကော စစ်တပ်အလွန် စစ်တပ်ပြုတ်ကျ သွားပေမဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အဆင့်မှာဆိုလည်း ကျမတို့ရဲ့ အခန်းကဏ္ဍက အရေးကြီး ပါတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

(၅) ရက်တာ ကျင်းပခဲ့သည့် GSCN ၏ ဒုတိယ ညီလာခံကို ကောင်မတီအဖွဲ့ဝင် ကိုယ်စားပြုလူမျိုးစု ၁၉ စုမှ ကိုယ်စားလှယ်များ နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူ စုစုပေါင်း (၅၃) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။ ယခင် ပထမ ညီလာခံ၏ နိုင်ငံရေး သဘောထား ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး နိုင်ငံရေး ရည်မှန်းချက်ပါ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်မည့် အကြံပြုချက်များကို စုစည်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ယခုလိုအမည်ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် GSCN ၏ ဖွဲ့စည်းတည်ဆောက်ပုံကို နိုင်ငံရေး အင်အားစု တစ်ရပ်ပုံစံဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး လူမျိုးစု အသီးသီး၏ ကိုယ်စားလှယ်များဖြင့် ဗဟိုကော်မတီနှင့် ဗဟို အလုပ်မှုဆောင် ကော်မတီတို့ကို ဖွဲ့စည်းထားကြောင်း GSCN က ဆိုသည်။

လက်ရှိ GSCN တွင် ကချင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ သျှမ်း၊ ထားဝယ်၊ ဇိုမီး၊ မြန်မာမွတ်စလင်မ်၊ သက်၊ ကဒူး၊ ကရင်၊ လီဆူ၊ ကပြား၊ မရမာကြီး၊ အင်းသား၊ ပအိုဝ်း၊ တအာင်း၊ နာဂ နှင့် ဓနု အစရှိသည့် လူမျိုးစု ၂၁ စု ပါဝင် ပူးပေါင်း လှုပ်ရှားနေပြီး ယခု ဒုတိယ ညီလာခံတွင် လူမျိုးစု ၁၉ စုသာ ပါဝင်တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လူမျိုးပေါင်းစုပါဝင်သည့် လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ(GSCN) ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖျက်သိမ်းရေး၊ တရားဖမ်းဆီးသူများ လွတ်မြောက်ရေးစသည့် ကြွေးကြော်ချက်များဖြင့် အာဏာသိမ်းမှုဆန့်ကျင်ရေးလုပ်ငန်းများကို ယနေ့ အချိန် အထိ လုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...